၉.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု ရန်ကုန် -ပြည်လမ်းတိုးဂိတ်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်က YBS-၁၂၃ အဖြူရောင်ခရီးသည်တင်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ မော်တော်ယာဥ် ၃ စီးကို ဝင်တိုက်ခဲ့ရာ ခရီးသည် ၉ ဦး အပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ- ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော YBS – ၁၂၃ ခရီးသည်တင်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်းနှင်လာသော KANTA အဖြူရောင်ကုန်တင်ယာဥ်၊ BONGOအဖြူရောင်ကုန်တင်ယာဥ်နှင့် HONDA FIT ကိုယ်ပိုင်ယာဥ်တို့ကို မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် YBS – ၁၂၃ ခရီးသည်တင်ယာဥ်ပေါ်မှ အသက် ၁၈ နှစ်မှ အသက် ၄၀ ကြားရှိ အမျိုးသမီး ၉ ဦးတွင် ဖူးယောင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ပြီး၊ BONGO အဖြူရောင်ကုန်တင်ယာဥ်ပေါ်တွင် ညပ်နေသော အသက်၂၆ နှစ်အရွယ် အမျိုးသားနှင့် ကားခေါင်းခန်းအလယ်ခုံတွင် ညပ်နေသော အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေက ပွန်းပဲ့ဒဏ်ရာ၊ ဖူးယောင်ဒဏ်ရာတွေ ရကြတယ်။ ညပ်နေတဲ့ ကုန်တင်ကားပေါ်မှာ ညပ်နေတဲ့ ယာဥ်မောင်းက ညာဘက်ခြေထောက်ပြတ်ရှဒဏ်ရာနဲ့ ကားခေါင်းခန်းအလယ်ခုံမှာ ညပ်နေတဲ့အမျိုးသားကတော့ ပါးနဲ့ဒူးမှာ မှန်စထိသွားတယ်။ လူနာတွေက အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူ ၁၂ ဦးကို နိဗ္ဗန်ချမ်းသာမင်္ဂလာအသင်း၊ မိုးစေတနာပရဟိတအသင်း၊ အရေးပေါ်လူနာအသက်ကယ်ပို့ဆောင်ရေးကူညီမှုအဖွဲ့ သူနာတင်ယာဥ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။