၉.၁.၂၀၂၅
Written By Zun
AA အဖွဲ့ ၏ အဓိက ထောက်ပို့လမ်းကြောင်းဒေသနှင့် မူးယစ်ဆေးဖြန့်ရာ နေရာဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ ယမန်နေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဗုံးကြဲခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် AA အဖွဲ့ဝင်များအပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အိမ်အလုံးရေ ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကျောက်နီမော်ကို လေကြောင်း ပစ်မှတ်က တိကျတယ်။ သတင်းက တိကျတယ်။ အဲဒီနေရာမှာ AA က တပ်ရင်းတစ်ခုစာ ရှိနေတယ်။ အိမ်တွေကတော့ တစ်အိမ်နဲ့တစ်အိမ် ကပ်နေတယ်။ ပြီးတော့ မီးလောင်လွယ်တဲ့ သစ်သား၊ ဓနိတွေနဲ့ဆောက်ထားတဲ့အိမ်တွေဖြစ်လို့ မီးလောင်တဲ့အခါ မီးကူးလွယ်တယ်”ဟု ဒေသခံတစ်ဦးက MT News ကိုပြောသည်။
အဆိုပါ ကျောက်နီမော်ဒေသမှာ လက်ရှိအချိန်တွင် AA အတွက် ထောက်ပို့အများဆုံးလုပ်သောနေရာဒေသဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက် AA အဖွဲ့များ သွားလာနေကြသော ထောက်ပို့စက်လှေများ ဆိုက်ကပ်ရာ ဆိပ်ကမ်းရှိနေရာ ဖြစ်ကြောင်း သိရသည်။
“အဲဒီ ကျောက်နီမော်ရဲ့ဆိပ်ကမ်းက ဘင်္ဂလားဒေ့ရှ်ကို AA ရခိုင်အကြမ်းဖက်တွေက သူတို့ အစိချေလို့ခေါ်တဲ့ စိတ်ကြွဆေးတွေပို့တာ။ ဘင်္ဂလားဒေ့ရှ်ကနေ AA တွေပစ္စည်းပြန်သယ်လာရင်လည်း ထောက်ပို့ပစ္စည်းတွေသယ်ယူလာပြီး အဲဒီကျောက်နီမော်မှာ ထားတာ”ဟု တပ်မတော်သတင်းရင်းမြစ်တစ်ခုက MT News ကိုပြောပြသည်။
အဆိုပါလေကြောင်းဗုံးကြဲခံရမှုကြောင့် လူပေါင်း ၄၁ ဦးသေဆုံးပြီး ၅၂ ဦး ဒဏ်ရာရသွားကြောင်းနှင့် ဒဏ်ရာရသူများ ရမ်းဗြဲမြို့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။