◾ ဟောလိဝုဒ် အပါအဝင် မြေဧက ၂၇,၀၀၀ ကျော်နှင့်အဆောက်အအုံ ၂,၀၀၀ ကျော် မီးလောင်ကျွမ်း
၉.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လ်ခရိုင်အတွင်း ဇန်နဝါရီလ ၇ ရက်ကစတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးရသူအနည်းဆုံးငါးဦးရှိသွားခဲ့ပြီဖြစ်သလို ခရိုင်အနှံ့ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ခြောက်နေရာမှာ လောင်ကျွမ်းနေတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူးဆမ်က ဇန်နဝါရီလ ၈ ရက်မှာ ပြောခဲ့ပါတယ်။
အခုအခါ လော့စ်အိန်ဂျယ်လ်ခရိုင်အတွင်း တောမီးလောင်ကျွမ်းမှုက ခြောက်နေရာမှာဖြစ်နေတဲ့အနက် အဆိုးဝါးဆုံးက Pacific Palisades ဝန်းကျင်ဒေသမှာ လောင်ကျွမ်းတဲ့တောမီးဖြစ်ပြီး ဧက ၁၅,၈၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့ပါပြီ။ ဒေသအတွင်းစုစုပေါင်းမီးလောင်ကျွမ်းမှု က ဧက ၂၇,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တစ်ခါမှမကြုံဖူးခဲ့တဲ့ သမိုင်းဝင်စံချိန်တင်မယ့် တောမီးလောင်ကျွမ်းမှုကို ရင်ဆိုင်နေရပြီး ဒေသခံ ၁၃၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အမိန့်များထုတ်ထားရပါတယ်။ စုစုပေါင်း ဒေသခံပြည်သူ ၁၅၀,၀၀၀ ကျော်က အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရတယ်လို့ နောက်ဆုံးသတင်းတွေကဆိုပါတယ်။
ဆဋ္ဌမမြောက် နောက်ဆုံးတောမီးလောင်ကျွမ်းမှုက လော့စ်အိန်ဂျယ်လ်မြို့၊ Hollywood Hills ဝန်းကျင်ဒေသအတွင်း Runyon Canyon ပန်းခြံအနီးမှာ ဇန်နဝါရီလ ၈ ရက် ညနေပိုင်းမှာစတင်လောင်ကျွမ်းခဲ့တာလို့လည်းသိရပါတယ်။
ခရိုင်အတွင်း တောမီးက အဆောက်အအုံ ၂,၀၀၀ ကျော်ကို လောင်ကျွမ်းသွားခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
Ref- CNN