၉. ၁. ၂၀၂၄
Written by Nyein Kyaw
လုံခြုံစိတ်ချဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် မြန်မာ့နိုင်ငံခရီးစဉ်များ၏ ပကတိအခြေအနေမှန်ကို ခရီး သွားများ အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိအောင် အဓိကထား ဆောင်ရွက်ရန် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယမန်နေ့တွင် ပြုလုပ်သည့် အဆိုပါ ကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးစဉ်များသည် လုံခြုံစိတ်ချဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်ကို ခရီးသွားများ အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိအောင် အဓိကထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားသည့် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွားအသိုက်အဝန်းက သိရှိနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
ကမ္ဘာ့ဒေသအသီးသီးတွင် ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိလာစေရန်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှ့မှုများတိုးချဲ့မှု၊ Visa ဖြေလျှော့မှု၊ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းမှု၊ ဈေးကွက်မြှင့်တက်ရေးပိုမိုလုပ် ဆောင်မှု၊ ခရီးစဉ်ဒေသများတွင် ခရီးသွားထုတ်ကုန်များဖော်ထုတ်မှု၊ Event များ လက်ခံကျင်းပမှု စသည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းခရီးသွားများ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ရေးနှင့် ပြည်ပခရီးသည်များ ပိုမိုလာရောက်ရေးတို့ကို အခြေားနိုင်ငံများနည်းတူ အလေးထားဆောင်ရွက်ကြရန် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး မိမိတို့၏ ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ထိုမှတစ်ဆင့် ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့်နည်းစနစ်များ၊ ဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြပွဲများအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။