၉.၁.၂၀၂၅
Written By Thandar
Triple Six & Double Win Film Production တို့က ထုတ်လုပ်ရိုက်ကူးမယ့် ထိတ်လန့်ခြောက်ခြားဖွယ် ဟာသဇာတ်လမ်းပုံစံ “Ghost Hotel” တစ္ဆေဟိုတယ် ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ မိုးမိုးက ဒါရိုက်တာအဖြစ်နဲ့ စတင်လျှောက်လှမ်းတဲ့နေရာမှာ ကျွန်တော်တို့က အုတ်တစ်ချပ်သဲတစ်ပွင့်ဝင်ပြီးတော့ ဖေးမတာပေါ့လေ။ ကိုယ့်ညီ အစ်ကိုမောင်နှမတွေနဲ့ ရိုက်ကြမှာပါ။ ဒီဇာတ်ကားက ကျွန်တော့်ဆီမှာ ဒီဇာတ်လမ်းလေးရှိနေတာ ကြာပြီပေါ့။ ကိုဗစ်မတိုင်ခင်ကတည်းက ဦးမျိုး@မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဆီက ရှိနေတဲ့ ဇာတ်လေးပါ။ ရိုက်ဖို့ ပြင်ဆင်ပြီး ခုမှ စတင်အကောင်အထည်ဖော်ဖြစ်တာပါ။ ဒီကားမှာက သရုပ်ဆောင်တွေကလည်း သူ့နေရာနဲ့သူ ချစ်စရာကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် ကာရိုက်တာမတူဘဲ ကွဲပြားနေတာလေးတွေပါတယ်။ ဇာတ်အိမ်တစ်ခုပေါ်မှာလည်း အရမ်းချစ်စရာကောင်းပါတယ်” လို့အကယ်ဒမီ ကျော်ကျော်ဗိုလ်က ပြောပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဇာတ်လမ်းကို ဇာတ်ညွှန်းပိုင်း မိုးစက်ဝိုင်နဲ့ သူရဿဝါက ရေးသားပြီး ဒါရိုက်တာ မိုးမိုးက ဇန်နဝါရီလထဲမှာပဲ ပြင်ဦးလွင်ဘက်မှာ အကောင်းဆုံး ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ မင်းဘုန်းမြတ်၊ စစ်နိုင်၊ မေမြင့်မိုရ်၊ ဝေလာရီ၊ ငှက်ပျော်ကြော်၊ ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ ဂျိုကာ၊ သွက်လက်၊ ဒိုပေါက်၊ အုန်းဒိုင်း၊ ဆွိ၊ ဆူး၊ ခိုင်စု၊ သွန်းစုနဒီထက်နဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာလည်းဖြစ်ပါတယ်။
“ဒီရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာအနေနဲ့ ကိုမိုးမိုးက ပထမဦးဆုံးရိုက်မှာဖြစ်ပါတယ်။ ကိုမိုးနဲ့ရိုက်ရလို့လည်း ပျော်ပါတယ်။ ဂုဏ်ယူပါတယ်။ ပါဝင်ကြတဲ့ မောင်နှမတွေက သရုပ်ဆောင်ချိန်မှာလည်း အကုန်လုံးကလည်း အပေးအယူမျှမျှရိုက်ရမှာမို့ သရုပ်ဆောင်ရမှာဖြစ်လို့ ပရိသတ်ကြိုက်နှစ်သက်မယ့်ကားဖြစ်မယ်လို့ ထင်ပါတယ်”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။