◾ တနင်္သာရီတိုင်းစစ်ဌာနက အမိန့်မနာခံ သေဒဏ်ဟု ခြိမ်းခြောက်
၉. ၁. ၂၀၂၅
Written by Nay Moe
တနင်္သာရီတိုင်းစစ်ဌာနက အာဏာအလွဲသုံးစားလုပ်ပြီး တပ်ရင်းမှူးခန့်တာကို မကျေနပ်တဲ့ မြိတ်ခရိုင် တပ်ရင်း (၁) က ဘဏ္ဍာရေးအဖွဲ့ဝင် သန်းသန်းစိုးနုတ်ထွက်လိုက်ပြီး နောင်ကာလမှာ NUG ဩဇာခံ မြိတ်ခရိုင် တပ်ရင်း (၁) မှာ ဖြစ်ပွားတဲ့ ပြည်သူ့အလှူငွေအပေါ် ဘဏ္ဍာရေးဆိုင်ရာ အကျင့်ပျက်ခြစားမှုတွေဖြစ်ခဲ့ရင် မသက်ဆိုင်ကြောင်းကြေညာလိုက်သလို တနင်္သာရီတိုင်းစစ်ဌာနကလည်း သူတို့အာဏာကို မလိုက်နာရင် သေဒဏ်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
တိုင်းစစ်ဌာနမှခန့်အပ်လာသော တပ်ရင်းမှူးအား လက်မခံနိုင်ပါသောကြောင့် နှုတ်ထွက်ခွင့်ပြုနိုင်ပါရန် တင်ပြခြင်း။
NUG ဩဇာခံ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တနင်္သာရီတိုင်းစစ်ဌာနလက်အောက်က မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှာ ဘဏ္ဍာရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ကိုယ်ပိုင်အမှတ် P2-3401117 ရဲဘော် သန်းသန်းစိုးဟာ PDF အဖြစ် (၃)နှစ်နှင့် (၂)လ ရှိပြီးဖြစ်ပေမဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက PDF တွေရဲ့ သဘောထားဆန္ဒနဲ့ မကိုက်ညီဘဲ တိုင်းစစ်ဌာနက အာဏာအလွဲသုံးစားပြုလုပ်ပြီး တပ်ရင်းမှူး ခန့်အပ်လာခဲ့တာပါ။ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း အစည်းဝေးဆုံးဖြတ်ချက်အရ တပ်ရင်းမှူးနေရာမှာ ရဲဘော်နှင်းဆီကို ခန့်အပ်ဖို့ ဌာနမှူး၊ တပ်ခွဲမှူး အသီးသီးက တညီတညွတ်တည်း ထောက်ခံအဆိုပြုခဲ့ပေမည့်လည်း အမှန်တကယ်ခန့်အပ်လာတဲ့အချိန်မှာ တပ်ရင်းရဲ့ဆန္ဒကိုမျက်ကွယ်ပြုပြီး တပ်ရင်းမှူးအဖြစ် ရဲဘော်ပျားအုံကို ခန့်အပ်လာခဲ့လို့ ဆက်လက်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တာကြောင့် သန်းသန်းစိုးက နုတ်ထွက်စာတင်ခဲ့တာပါ။
“မြိတ်ခရိုင်၊ တပ်ရင်း ၁၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် လက်ရှိ ဘဏ္ဍာရေးရုံးအဖွဲ့၀င် အဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသက်တမ်း ၃ နှစ်နဲ့ ၂ လကျမ ရဲဘော် သန်းသန်းစိုး ကိုယ်ပိုင်အမှတ် P2-3401117 သည် လက်ရှိ တပ်ရင်းမှုးရွေးချယ်မှူနဲ့ ပတ်သက်ပြီး လက်မခံနိုင်ပါသောကြောင့် မည်သူတဦးတယောက် သွေးဆောင်မှုမှမပါပဲ ကိုယ့်စိတ်သဘော ဆန္ဒနဲ့ တပ်ရင်းမှ နှုတ်ထွက်ပါသည်။ ကျမ နှုတ်ထွက်ပြီးနောက် နောက်နောင် ရုံးအဖွဲ့တွင် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှူများ ရှိလာခဲ့ပါက ကျမနဲ့ လုံး၀မသက်ဆိုင်ပါကြောင်း သိသင့်သူများ သိစေရန် Public ချ အသိပေးလိုက်ပါသည် (သတ်ပုံမူရင်း) လို့ သူမအကောင့်မှာ ဖော်ပြခဲ့တာပါ။
ဒီလိုမျိုး တနင်္သာရီတိုင်းစစ်ဌာနက အာဏာအလွဲသုံးစားလုပ်ပြီး တပ်ရင်းမှူးခန့်တာကို မကျေနပ်လို့ နုတ်ထွက်စာတင်ပြီး လူမှုကွန်ရက်မှာပါ ဖော်ပြခဲ့တာကြောင့် တနင်္သာရီတိုင်းစစ်ဌာနကလည်း သန်းသန်းစိုးကို အမိန့်မနာခံရင် သေဒဏ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ပါ သိရပြီး သန်းသန်းစိုးကလည်း မကြောက်ကြောင်း ပို့စ်ထပ်မံတင်ခဲ့တာ တွေ့ရပါတယ်။
“တော်လှန်ရေးဘန်းပြ အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိူးရှာနေသူ တချို့ကြောင့် ပုလောမြို့နယ်အတွက်တော့ စိတ်ကုန်သွားပြီ (သတ်ပုံမူရင်း) ” လို့လည်း သန်းသန်းစိုးက ပြောပါတယ်။