၉.၁.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံရဲ့ ဒုစရိုက်မြေအောက်လောက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျပန် ယာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တာကေရှီ အီဘီဆာဝါက မြန်မာနိုင်ငံမှ နျူကလီယား လက်နက်ပြုလုပ်ဖို့ ကုန်ကြမ်းပစ္စည်း အရင်းအမြစ်ကို ထိန်းချုပ်ဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လက်နက်ရောင်းဝယ်မှုပြုလုပ်ဖို့ကြိုးစားခဲ့မှုတို့အတွက် အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
အမေရိကန်အာဏာပိုင်တွေက အီဘီဆာဝါနဲ့ ပူးတွဲတရားခံတစ်ယောက်ကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုနဲ့ လက်နက်ရောင်းဝယ်မှုပြစ်မှုတွေအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ တရားစွဲခဲ့တာပါ။ သူ့ကို အမေရိကန်အာဏာပိုင်တွေက နျူကလီးယားလက်နက်ပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို အီရန်နိုင်ငံက အသုံးပြုဖို့အတွက် မျှော်လင့်ပြီး ပူးပေါင်းကြံစည်ခဲ့တယ်လို့လည်း တရားစွဲခဲ့ကြတာပါ။ တရားခံနှစ်ဦးစလုံးကို ဖမ်းမိန့်ဝရမ်းထုတ် ဖမ်းဆီးထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ အီဘီဆာဝါကို မြန်မာနိုင်ငံမှ နျူကလီးယားလက်နက်အဆင့် ကုန်ကြမ်းပစ္စည်းတွေနဲ့ လူသေစေနိုင်တဲ့ မူးယစ်ဆေးဝါးတွေ မြန်မာပြည်မှရယူရောင်းချဖို့နဲ့ မြန်မာနိုင်ငံရှိ သောင်းကျန်းသူအုပ်စုတစ်ခုအတွက် လက်နက်အမျိုးမျိုးဝယ်ဖို့ လျှို့ဝှက်ကြံစည်ခဲ့မှုတို့နဲ့ ထပ်မံတရားစွဲခဲ့ပြန်ပါတယ်။
စွဲချက်တင်မှုမှာ သောင်းကျန်းသူအုပ်စုအတွက် ဝယ်ယူခဲ့တဲ့လက်နက်အမျိုးမျိုးမှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
အီဘီဆာဝါက လက်နက်ထုတ်လို့ ရတဲ့အဆင့်ရှိတဲ့ ပလူတိုနီယမ်အပါအဝင် နျူကလီယားလက်နက်အဆင့် ကုန်ကြမ်းပစ္စည်းကို မြန်မာနိုင်ငံပြင်ပကို ခိုးထုတ်ခဲ့တယ်လို့ ပြည်ထောင်စုတရားရုံးမှာ ဝန်ခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုမှ ရှေ့နေ အက်ဒဝပ် ကင်က ဇန်နဝါရီလ ၈ ရက်မှာ ပြောခဲ့ပါတယ်။ သူက မြန်မာနိုင်ငံက အရောင်းအဝယ်တွေလုပ်ဖို့ တခြားအမည်ကို အသုံးပြုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာ မြန်မာနိုင်ငံစစ်မြေပြင်တွေမှာ သုံးဖို့မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေလို အကြီးစားလက်နက်တွေနဲ့ လဲလှယ်ဖို့ အမေရိကန်ပြည်ထောင်စုကို ဘိန်းဖြူနဲ့ မက်တာဖက်တမင်း မူးယစ်ဆေးတွေအများအပြား ပို့ခဲ့တယ်လို့လည်း အမေရိကန်ရှေ့နေတွေက ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရ ရှေ့နေတွေက အသက် ၆၀ နှစ်ရှိ အီဘီဆာဝါကို မြန်မာနိုင်ငံမှ ယူရေနီယမ်နဲ့ လက်နက်ထုတ်နိုင်တဲ့အဆင့်ရှိ ပလူတိုနီယမ်တို့အပြင် မူးယစ်ဆေးဝါးတွေကိုပါ မြန်မာနိုင်ငံကနေ တင်ပို့မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ်မှစပြီး အီဘီဆာဝါက အမည်လျှို့ဝှက်ထားတဲ့ အရာရှိတစ်ဦးကို သူ့မှာရောင်းချဖို့အတွက် နျူကလီးယားလက်နက်ကုန်ကြမ်းပစ္စည်းတွေ အများအပြားရှိတယ်ဆိုပြီး သူတို့ပုံတွေကို ရေဒီယို သတ္တိကြွတိုင်းကိရိယာတွေရဲ့ ရေဒီယိုသတ္တိကြွမှု မှတ်ပုံတင်ခြင်းတွေနဲ့အတူ ပြခဲ့တယ်ဆိုပါတယ်။
မြေအောက်ဒုစရိုက်လောကသားတွေကို လှည့်စားပြီး စုံစမ်းထောက်လှမ်းနေခိုက်မှာ ထိုင်းအာဏာပိုင်တွေက အဝါရောင်ကိတ်မုန်လို့ တရားခံကခေါ်တဲ့ အဝါရောင်အမှုန့်နှစ်မျိုးကို သိမ်းဆည်းဖမ်းမိနိုင်ဖို့အတွက် အမေရိကန်စုံထောက်တွေကိုအကူအညီပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီ နျူကလီးယားနမူနာတွေမှာ ပါဝင်တဲ့ ပလူတိုနီယမ် အိုင်ဆိုတုပ် အဆင့်က နျူကလီးယားလက်နက်လုပ်နိုင်တဲ့ အဆင့်ဖြစ်တယ်ဆိုတာ အမေရိကန်ပြည်ထောင်စု ဓာတ်ခွဲခန်းကနေဆုံးဖြတ်ခဲ့ပါတယ်။
အီဘီဆာဝါဟာ မြန်မာနိုင်ငံရှိ အမည်မဖော်ပြတဲ့သောင်းကျန်းသူအုပ်စုတစ်ခုအတွက် လက်နက်တွေ ကိုယ်စားဝယ်ဖို့ ရန်ပုံငွေအဖြစ် နျူကလီးယားလက်နက်ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုဖို့အတွက်လည်း အကြံပေးခဲ့တယ်လို့ တရားစွဲချက်က ဆိုခဲ့ပါတယ်။
သူ့အနေနဲ့ နိုင်ငံတကာမှာ နျူကလီးယားလက်နက်ကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းချမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျရောက်နိုင်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရရှေ့နေတွေကတော့ အီဘီဆာဝါကို ဂျပန်နိုင်ငံရဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကွန်ရက်တစ်ခုဖြစ်တဲ့ ယာကူဇာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် ပြောခဲ့ကြပြီး ဒီရာဇဝတ်ဂိုဏ်းက မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ လက်နက်ရောင်းဝယ်မှုတွေအပါအဝင် ဒုစရိုက်မှုမျိုးစုံကို ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ကြပါတယ်။
Ref- The Guardian