၉.၁.၂၀၂၅
Written By Thandar
ရွှေကြိုမောင်မယ်တွေအဖြစ် နောက်ဆုံးအဆင့်မှာ အရွေးမခံရဘဲ ကျန်ရစ်ခဲ့သူတွေက ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံကို အမြန်စာရင်းပေးသွင်းရမယ်လို့ သိရပါတယ်။
“ရွှေကြိုမောင်မယ်တွေ နောက်ဆုံးအဆင့်မှာ အရွေးမခံရဘဲ ကျန်ရစ်ခဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ သူ့တို့ဝါသနာကို ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့အတွက် ထည့်သွင်းစဉ်းစားထားတာပါ။ ဒီအရည်အချင်းရှိတဲ့ ကလေးတွေကို အခွင့်အရေးတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားလိုက်တာပါ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တွဲဖက်အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အကယ်ဒမီပေးပွဲမှာ အမှန်တကယ်အချိန်ပေးနိုင်ပြီး ရုပ်ရှင်ဝါသနာပါသူ ရွှေကြိုယှဉ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်အရွေးချယ်မခံခဲ့ကြရတဲ့ မောင်မယ်တွေ ရုပ်ရှင်အစည်းအရုံးကို ဇန်နဝါရီ ၁၁ ရက် နောက်ဆုံးထားပြီး အမြန်စာရင်းပေးသွင်းကြရမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က ဖျော်ဖြေကဏ္ဍမှာ ပါဝင်လိုသူတွေအမည်စာရင်းပေးပြီးရင်တော့ မကြာခင်အချိန်မှာ ဖျော်ဖြေရေးအတွက် တီးလုံးတိုက်လေ့ကျင့်ရေး အချိန်ပေးကြရမှာဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။