၁၂.၁.၂၀၂၃
Written by Nay Aung
မြန်မာ့နိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ၏ ယခုနှစ်အတွင်းဆောင်ရွက်မည့် နိုင်ငံခြားရေးရာမူဝါဒများနှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။
ဘရူနိုင်းနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်တွင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခဲ့သလို ကမ္ဘောဒီးယားနိုင်ငံကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန် ပြီးခဲ့သောနှစ်က နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ယခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင်လည်း နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
“အာဆီယံ အထူးကိုယ်စားလှယ်ရုံး ဖွဲ့စည်းတည်ထောင်သွားမှာဖြစ်တယ်။ အဲဒီရုံးအဖွဲ့ကို ကျွန်မက ဦးဆောင်သွားပါမယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်အောင်ကူညီပေးရန်အတွက် အာဆီယံ သဘောတူညီချက်ငါးချက်နှင့်ပတ်သက်သော လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
၎င်းက”အာဆီယံ သဘောတူညီချက်ငါးချက်အပြင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူအားလုံးနဲ့စေ့စပ်ဆွေး နွေးသွားမှာဖြစ်တယ် ” ဟုဆိုသည်။
ref nikkei asia