၉.၁.၂၀၂၅
Written By Zun
တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာသည့် ကားနှစ်စီး အချင်းချင်းတိုက်မိမှုဖြစ်ပွားရာမှ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအနီး၊ ဘုရားသုံးဆူ-စံခလဘူရီလမ်းမကြီးပေါ်မှာ ဇန်နဝါရီလ ၇ ရက် ညပိုင်းက ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာဘက်ကို ဝင်ရောက်လာသော ထိုင်းနိုင်ငံတွင်အလုပ်လုပ်မည့် တရားမဝင်မြန်မာလုပ်သား ၃၀ ဦးကို ပစ်ကပ်ကားနှစ်စီးက အသင့်စောင့်ဆိုင်းနေကာ ကားနှစ်စီးတွင် ခွဲ၍တင်ဆောင်လာစဉ် ယင်း ကားနှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းကားနှစ်စီးက ဘုရားသုံးဆူ-စံခလဘူရီ လမ်းမကြီးအတိုင်း အရှိန်ပြင်းစွာမောင်းနှင်လာစဥ် တိုက်မိပြီးနောက် ရှေ့ဘက်က မောင်းသည့်ကားမှာ လမ်းဘေးသစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် သစ်ပင်ကို ထပ်မံဝင်တိုက်မိသည့်ကားပေါ်ပါ မနော်ဆောင်း ဆိုသူအမျိုးသမီးတစ်ဦးသေဆုံး၍ ကိုဇော်အောင် ဆိုသူမှာ ပြင်းထန်ဒဏ်ရာ ရရှိပြီး ကိုစိုးပိုင်ဦးဆိုသူတွင် လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ Phithakkan Foundation မှ တာဝန်ရှိသူများ အပါအဝင် လူမူကယ်ဆယ်ရေးအဖွဲ့များကသွားရောက်ကူညီခဲ့ကြပြီး ယင်း ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် စံခလဘူရီရှိ ဖဟွန်ဖွန်ဖယုဟစေနာ ဆေးရုံကြီးသို့ ပို့ဆောင်ကာ သေဆုံးသူ၏ရုပ်အလောင်းကို စံခလဘူရီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများမှလွဲ၍ ကျန်သူအားလုံး ထွက်ပြေးလွတ်မြောက်သွားသောကြောင့် စံခလဘူရီရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် ကားနှစ်စီး၏ပိုင်ရှင်များကိုပါ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။