၉.၁.၂၀၂၅
Written By Thandar
မီးမီးမွှေး ရုပ်ရှင်ထုတ်လုပ်ရေးက သည်းထိပ်ရင်ဖိုဒရာမာပုံစံ “အစွဲ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားလေးက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်လို့ အများကြီး ကြိုးစားထားပါတယ်။ ဇာတ်ညွှန်းပိုင်းကို အဓိက အားထားပြင်ဆင်ထားပါတယ်။ ဒီ Story က ကျွန်တော့်ရဲ့ နှလုံးသားဖြစ်တဲ့အတွက် အားလုံးကလည်း သူရဲ့ နှလုံးသားအတိုင်း နှလုံးသားနဲ့ နီးစပ်အောင် ထပ်တူကျအောင် Mood သွင်း ပုံဖော်ခဲ့ကြပါတယ်။ အစွဲ Story လေးက လူတိုင်းအတွက် Involve ဖြစ်မယ်လို ယုံကြည်ပါတယ်။ကိုယ်တိုင်လည်း အင်မတန် Personal ဖြစ်ခဲ့ရတဲ့ ဇာတ်တစ်ခုဖြစ်ပြီး Character တွေ နေရာကို ကိုယ်တိုင်စီးမျော၊ ကိုယ်တိုင်ငို၊ ကိုယ်တိုင် စကားတွေပြော သရုပ်ဆောင်ကြည့်ပြီး ရေးခဲ့ကြပါတယ်။ တကယ် ကွာလတီကောင်းတဲ့ ရုပ်ရှင် ကားကြီး တစ်ကားဖြစ်အောင် ကြိုးစားထားပါတယ်” လို့ဒါရိုက်တာ အာကာစိုးဦးက ဆိုပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းကို အာကာစိုးဦးကရေးသားထားပြီး ဇာတ်ညွှန်းကို အာကာစိုးဦး၊ ဇေယျတု၊ ဟင်နရီစောထွန်း တို့ကရေးထားကာ ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ မင်းဘုန်းမြတ်၊ မေမြင့်မိုရ်၊ မှူးထိပ်ထား၊ စွမ်းထက်အောင်၊ ပိုင်စိုးသူ၊ နေရှိင်း၊ ဒီမိုးစက်၊ စိုးမိုးကြည်၊ မိုခမ်း၊ ခင်စန်း ဝင်း၊ ချိုမဒီသွင်၊ ဂျီဂျီး၊ အထူးဧည့်သည်သရုပ်ဆောင် ခင်ဇာခြည်ကျော်၊ ကလေးသရုပ်ဆောင် ဒီလရောင်၊ ယွန်းမီမီဇော် စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ဒီကားလေးက လူငယ်လူသစ်တွေ အတော်များများပါဝင်ထားပါတယ်။ ဒါရိုက်တာ အတွက်ရော ထုတ်လုပ်ရေး အတွက်ပါ ပထမဆုံးရုပ်ရှင်ကားပါ။ ကျွန်တော့်အတွက်လည်း ပထမဆုံး Horror ရုပ်ရှင်ဖြစ်လို့ အားလုံးအတွက် စိန်ခေါ်မှုရှိပါတယ်။ အဲဒီ အတွက်လည်း အားလုံးက သေချာလေးကြိုးစားထားပါတယ်” လို အဆိုတော် သရုပ်ဆောင်လွှမ်းပိုင်က ဆိုပါတယ်။
“အစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။