၈. ၁. ၂၀၂၄
Written by Nyein Kyaw
ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ယနေ့ ပြုလုပ်သည့် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အဓိကကျကြောင်း၊ မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့သည့် ပုံစံ (၆၆/၆) ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပေးပို့သည့် မြေပြင်လူဦးရေစာရင်း နှစ်ခုကိုအခြေခံပြီး ကော်မရှင်က ပြုစုရကြောင်း၊ ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေးသည် မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေပြင်စိစစ်အတည်ပြုနိုင်ရေး စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြေပြင်စိစစ်အတည်ပြုနိုင်ရေး လုပ်ငန်းများနှင့် ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြပြီး သတ်မှတ်မဲရုံအလိုက် မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။