၈. ၁. ၂၀၂၅
Translated by Thettant
ကမ္ဘာ့အန္တရာယ်အများဆုံး အိမ်မွေးခွေးအမျိုးအစားတစ်မျိုးဖြစ်တဲ့ Pit bull နဲ့ စပ်ထားတဲ့ခွေးက ကိုက်သတ်လို့ အိမ်ရှင်ဖြစ်သူ အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံ ဆာရာဘူရီစီရင်စု၊ Kaeng Khoi ဒီစတြိတ်၊ Thap Kwang ခရိုင်ခွဲက နေအိမ်တစ်ခုမှာ အသက် ၈၄ နှစ်အရွယ် ကန်တီဆိုတဲ့ အဘိုးအိုတစ်ဦးကို ခွေးကိုက်ထားလို့ ညာဘက်လက်အောက်ပိုင်းတစ်ပိုင်း ပျောက်ဆုံးနေပြီး အကိုက်ခံရတဲ့ဒဏ်ရာများစွာနဲ့သေဆုံးနေတာကို ဒီနေ့ တွေ့ရှိခဲ့တာပါ။
အခင်းဖြစ်ပွားရာနေရာဟာ အုတ်ညှပ် ပျဉ်ထောင် အိမ်ဟောင်းတစ်ခုဖြစ်ပြီး နေအိမ်အောက်မှာ သွေးခြောက်တွေ စွန်းထင်းနေခဲ့ကာ နေအိမ်ဝန်းကျင်ကလည်း ရှုပ်ပွနေလျက်သားမြင်ခဲ့ရတာပါ။ ဒါ့အပြင် အဘိုးအိုကန်တီကိုလည်း လက်တစ်ဖက်က အရိုးပဲကျန်လျက်သားနဲ့ လက်ကောက်ဝတ်မရှိတော့သလို Pit bull စပ် အနက်ရောင် ခွေးအထီးတစ်ကောင်ကို သံကြိုးချည်လျက်သားမြင်ရပြီး တစ်ချိန်လုံး ကျယ်လောင်စွာ ဟောင်နေတာကိုလည်း တွေ့ရှိရပါတယ်။
အသက် ၅၄ နှစ်အရွယ် သားဖြစ်သူ ပရာယန်းက သူ့အဖေ ကန်တီကို သံကြိုးနဲ့ချည်ပြီး ဟောင်နေဆဲဖြစ်တဲ့ “ချောင်ဒမ်း” (Blackie) လို့ ခေါ်တဲ့ ထိုင်းခွေးနဲ့ Pit Bull စပ်ထားတဲ့ခွေးက ကိုက်သတ်တာကို ခံလိုက်ရတာလို့ ယုံကြည်နေပါတယ်။ ကန်တီရဲ့ သားဖြစ်သူဟာ တခြားမှာနေထိုင်တာဖြစ်လို့ ဖခင်ဖြစ်သူ ဘယ်အချိန်ကတည်းက သေဆုံးနေတယ်ဆိုတာကို မသိကြောင်းနဲ့ ရှာမတွေ့တဲ့ လက်တစ်ဖက်ဟာ ခွေးစားခဲ့သလား မသိရသလို ပျောက်ဆုံးနေတာကြောင့် စိတ်နှလုံးမသာမယာဖြစ်ရတယ်လို့လည်း ပြောခဲ့ပါတယ်။
ကန်တီဟာ Pit Bull စပ်ခွေးလေး ချောင်ဒမ်းကိုခွေးပေါက်စဘဝ ကတည်းက ပြုစုစောင့်ရှောက်ခဲ့သလို ခွေးကို အရမ်းချစ်ခဲ့ပေမယ့် အချိန်အကြာကြီး သံကြိုးနဲ့ချည်နှောင်ထားတာကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ကိုက်သတ်ခံရတာလို့ ပရာယန်းက ဆိုပါတယ်။