၈.၁ .၂၀၂၅
Written by Hey Mar
လူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်းတွေနေထိုင်တဲ့ ကိုဗစ်စင်တာဝန်းအတွင်း မွေးကင်းစရက်သားကလေးငယ်လာရောက်စွန့်ပစ်ခဲ့တာကြောင့် အခုလက်ရှိမှာ တာဝန်ရှိသူတွေက ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးကာစောင့်ရှောက်မှုပေးထားရတဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီလ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မေတ္တာရှင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ မေတ္တာရှင်လူမှု့ကူညီရေးအသင်း(ပရဟိတ)လူငယ်တွေနေထိုင်တဲ့ ကိုဗစ်စင်တာဝန်းအတွင်း မွေးကင်းစရက်သား(ယောကျ်ား)တစ်ဦးကို ကလေးအနှီးထုပ်၊ အိတ်အဖြူရောင်တစ်လုံးနဲ့ ထည့်လျှက်သား စွန့်ပစ်ထားရှိတာကို အသင်းမှ ပရဟိတစေတနာ့ထမ်းအမျိုးသမီးငယ်က တွေ့ရှိတာလို့ သိရှိရပါတယ်။
မေတ္တာရှင်အသင်းဥက္ကဋ္ဌဦးဘိုစံက “အသင်းရဲ့ ကိုဗစ်စင်တာဝန်း နွားစားကျက်နားမှာ ကလေးစွန့်ပစ်ထားတာတွေ့တယ်ဆိုပြီး အသင်းသားက ဆက်သွယ်သတင်းပေးပို့လာလို့ မြို့နယ်က လူကြီးတွေ ရပ်မိရပ်ဖတွေနဲ့ အမျိုးသမီးအဖွဲ့တွေ ခေါ်ပြီး မွေးကင်းစကလေးကို သွားရောက်လက်ခံရယူပေးခဲ့တာပါ။ ကလေးက အသိုင်းအဝိုင်းတစ်ခုထဲကတော့ ဖြစ်ပုံရပါတယ်။ ကလေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်း မွေးနေ့၊ မွေးရက်နဲ့ ပတ်သတ်တာ ဘာမှမပါပေမယ့် ပါလာတဲ့ အသုံးအဆောင်လေးတွေက အကောင်းစားပစ္စည်းလေးတွေ။ ဆရာ ဆရာမတွေက ကလေးအခြေအနေကြည့်ပြီးပြောတာတော့ ချက်မကြွေသေးတဲ့အတွက် မွေးထားတာ တစ်ပတ် မပြည့်သေးလောက်ဘူးလို့တော့ ခန့်မှန်းကြတယ်” လို့ MT News ကို ပြောပါတယ်။
ကလေးငယ်ကို တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပေးပြီး တာချီလိတ်ခရိုင် ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်လူမှု့ဝန်ထမ်းတာဝန်ရှိသူဆီ မြို့နယ်ပါတီမှ အလှူငွေ ကျပ်(၁) သိန်း၊ မြို့နယ်ပါတီကော်မတီဝင်တစ်ဦးက အလှူငွေ ထိုင်းဘတ်ငွေ( ၃)ထောင်နဲ့အတူ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာချီလိတ်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု့ခံယူလျှက်ရှိကြောင်း သိရပါတယ်။ ကလေးကို မွေးစားချင်သူတွေရှိပါကလည်း တာဝန်ရှိသူတွေက ကလေးရှေ့ရေးအလေးထားပြီး ဆွေးနွေးကာ တရားဝင်မွေးစားခွင့်ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
ဒီရက်ပိုင်းအတွင်း တာချီလိတ်မှာ မွေးကင်းစ ကလေးစွန့်ပစ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပထမတစ်ကြိမ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်နေ့မှာ တာချီလိတ်မြို့ ပန်ဆိုင်း (က)အနီးက ရေမြောင်းထဲ စွန့်ပစ်ထားတဲ့ မွေးကင်းစမိန်းကလေးငယ်ရုပ်အလောင်းတွေ့ရှိလို့ လူမှုကူညီရေးအသင်းက သင်္ဂြိုဟ်ပေးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။