၈. ၁. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ TNLA နယ်မြေလုယက်သိမ်းယူထားရာ မိုးကုတ်မြို့က ဂေါက်ကွင်းနဲ့ ပတ်ဝန်းကျင်က ကျောက်မျက်လုပ်ကွက်တွေထဲ တရားမဝင်ကျောက်မျက် တူးဖော်နေတဲ့ လက်နက်ကိုင်တွေနဲ့ ဆက်စပ်သူတွေကို ဒီနေ့လယ်ခင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဗုံးအလုံး ၂၀ ကျော်ကြဲချခံခဲ့ရသလို သေဆုံးပျက်စီးမှုကို ဖုံးကွယ်ထားပြီး လူသိမခံဘဲ ဗုံးအကြဲခံရာပတ်ပတ်လည်ကို TNLA က ပိတ်ဆို့ထားတယ်လို့ မိုးကုတ်မြို့ခံတချို့ဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မိနစ် ၅၀ ကနေ ၁ နာရီ ၁၀ မိနစ်အချိန်ထိ လေတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA ထိပ်ပိုင်းတွေ အပန်းဖြေ ဂေါက်ကွင်းမှာ ဗုံး ၁၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ပြောသလို ဂေါက်ကွင်းဘေးက ကျောက်မျက်လုပ်ကွက်တွေကိုလည်း အများအပြားကြဲချသွားတာပါ။
“ဂေါက်ကွင်းနဲ့ ဂေါက်ကွင်းဘေးက ကျောက်မျက်လုပ်ကွက်တွေကို ကြဲချသွားတာ အလုံး ၂၀ ကျော်ပါတယ်။ ဗုံးကြဲခံရပြီးနောက်မှာ TNLA က အဲဒီနေရာတစ်ဝိုက်ကို အဝင်မခံတော့ဘဲ ပိတ်ထားတယ်”လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်းနဲ့ မော်တော်ယာဥ်(၁)စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပြောပေမဲ့ ဒေသခံပြည်သူလူထုထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမသိရသေးဘူးလို့ ဖုံးကွယ်ထုတ်ပြန်ခဲ့တဲ့အပြင် မိုးကုတ်မြို့အနောက်ပိုင်းက ကျောက်ဆင်၊ ဘော်မားရပ်ကွက်ကိုလည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လူမှုကွန်ရက်သတင်းတွေနဲ့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗုံးအလုံး ၄၀ လောက် ကြဲချတိုက်ခိုက်ရာမှာ TNLA ထိပ်ပိုင်းတချို့နဲ့ လက်နက်ကိုင်တွေ သေဆုံးမှုရာဂဏန်းမျှကို များပြားတယ်လို့ ရေးသားကြသလို TNLA ကိုယ်တိုင်ကလည်း ခါတိုင်းလို အပျက်အစီးပုံတွေ မဖော်ပြဘဲ “ပတ္တမြားမြေမှ ကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်ပုံတစ်ပုံနဲ့ပဲသာ ဖုံးကွယ်ဖော်ပြခဲ့ပါတယ်။