၁၂ . ၁. ၂၀၂၃
Written By Thandar
အကယ်ဒမီ ရှုမဝစမ်းစမ်းအေးအတွက် နိုင်ငံတော်က ချီးမြှင့်တဲ့ လူမှုထူးချွန်ဒုတိယဆု ဂုဏ်ပြုငွေကျပ် ၄သိန်းကို သားဖြစ်သူက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဇန်နဝါရီ ၁၂ ရက်မှာ လာရောက်လှူဒါန်းခဲ့ပါတယ်။
ဘုန်းပြည့်လျှံရုပ်ရှင်ထုတ်လုပ်ရေးကလည်း မြန်မာနိုင်ငံရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေအတွက် ငွေကျပ် ၃ သိန်းကို လှုဒါန်းခဲ့ပါတယ်။
“ကျွန်တော်တို့က မောင်နှမ နှစ်ယောက်ရှိပါတယ်။ အမေ့ကို နိုင်ငံတော်က ချီးမြှင့်တဲ့ လူမှုထူးချွန်ဆု ဒုတိယရပါတယ်လို့ ရုပ်ရှင်လုပ်ငန်းက အကြောင်းကြားလာပါတယ်။ ကျွန်တော့်အမေလည်း မရှိတော့တဲ့အတွက် နိုင်ငံတော်ပေးတဲ့ ထောက်ပံငွေကို ရုပ်ရှင်လောကရဲ့ လိုအပ်တဲ့သူတွေလှူဖို့ ဆုံးဖြတ်လိုက်တာပါ။ အမေဆုရတာကိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဝမ်းသာဝမ်းနည်းပေါ့။ အမေ့အတွက် ဆုရတယ်ဆိုတော့ အမေလည်းမရှိတော့ဘူး အမေသာရှိရင် ဝမ်းသာမှာပါ”လို့ အကယ်ဒမီ ရှုမဝစမ်းစမ်းအေးရဲ့ သားဖြစ်တဲ့ ကိုအောင်နွေထွေးက ပြောပါတယ်။
အကယ်ဒမီ ရှုမဝစမ်းစမ်းအေးအတွက် လူမှုထူးချွန်ဆု ဒုတိယဆုတံဆိပ်ဝိုင်းနဲ့ ဂုဏ်ပြုငွေ ကျပ်၄သိန်းကို နိုင်ငံတော်က ၂၀၂၃ ခုနှစ်မှာ ပထမဆုံးရရှိဖြစ်တယ်လို့ သိရပါတယ်။
ရှုဝမစမ်းစမ်းအေးကတော့ ဇာတ်သဘင်လောကကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပါခဲ့တယ်။ နောက်တစ်ကျော့ပြန်ပြီး ရုပ်ရှင်လောက ဗီဒီယိုလောကကို ပြန်ဝင်ခဲ့သလို အနုပညာအပေါ် အကောင်းဆုံးကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေလုပ်ကိုင်နေရင်း ခြေထောက်ကျိုးတာတွေ၊ မျက်စိမမြင်တွေဖြစ်လိုက်နဲ့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးရိုက်ကူးမှုတချို့ကြောင့်လည်း ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပြီးတော့ ဦးနှောက်နဲ့အာရုံ ကြောရောဂါတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ အကယ်ဒမီ ရှုမဝစမ်းစမ်းအေး ကွယ်လွန်သွားခဲ့ရှာပါတယ်။
“အမေက ပုပ္ပါးမှာရိုက်ကူးရေးတွေလုပ်ရင်းနဲ့ ဦးနှောက်အာရုံကြောထိပြီး ကျန်းမာရေးထိခိုက်ခဲ့တာပါ။ နောက်ပိုင်း မရတော့တာပါ။ ဒါပေမယ့် ရုပ်ရှင်လောကကို အရမ်းကို သံယောဇဉ်ကြီးတာပါ။ သူ့လောကသားတွေကို အရမ်းကိုချစ်တာ”လို့ သူကဆက်ပြောပါတယ်။