၈.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်ခရိုင်အတွင်းမှာ ဇန်နဝါရီလ ၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် ၁၈း၃၀ နာရီ) မှာ စတင်လောင်ကျွမ်းခဲ့တဲ့တောမီးဟာ တစ်နာရီကို မိုင် ၅ဝ နှုန်း(တစ်နာရီ ကီလိုမီတာ ၈၀ နှုန်း) တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မယုံကြည်နိုင်လောက်အောင် ခြောက်သွေ့နေမှုတွေကြောင့် မီးလောင်ရာလေပင့်ဖြစ်ကာ အထူးဆိုးဝါးတဲ့အခြေအနေကို ရောက်နေရပါတယ်။
မီးသတ်တပ်ဖွဲ့အကြီးအကဲ ခရစ်စတင်း ခရောင်လီက တောမီးကြောင့် အဆောက်အအုံ ၁၃,၀၀၀ မီး လောင်ကျွမ်းမယ့်အခြေအနေရှိနေပြီး လော့စ်အိန်ဂျယ်ခရိုင်အတွင်း Pacific Palisades ဝန်းကျင်ဒေသမှ ပြည်သူ ၃၀,၀၀၀ ကျော်တို့ကိုလည်း နေရပ်မှ အမြန်ပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ထားပါတယ်။
လော့စ်အိန်ဂျယ်ဒေသအတွင်းမှာဆိုရင် တောမီးစတင်လောင်စဉ်က ၁၀ ဧက အကျယ်လောက်လောင်ရာကနေ Pacific Palisades ဝန်းကျင်ဒေသအတွင်း ဧက ၂,၉၀၀ ကျော်လောင်တဲ့အထိ နာရီပိုင်းအတွင်း ကူးစက်လာခဲ့တာကြောင့် အရေးပေါ် အခြေအနေ ကြေညာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
တောမီးက လျင်မြန်စွာကူးစက်ခဲ့တာမှာ လော့စ်အိန်ဂျယ်မြို့ရဲ့ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသတွေအထိ လောင်ကျွမ်းလာတယ်လို့ ဆိုပါတယ်။ Pacific Palisades ဝန်းကျင်ဒေသမှာတော့ ဒေသခံတွေဟာ သူတို့အိမ်တွေကို တောမီးကူးစက်လာတာကြောင့် ကားတွေကိုတောင် စွန့်ပစ်ထားခဲ့ပြီး မီးနဲ့ဝေးရာကို ထွက်ပြေးနေကြရတာ ဗီဒီယိုတွေမှာတွေ့ရပါတယ်။
တောမီးလောင်နေတုံးမှာပဲ တော်နေဒိုးမုန်တိုင်းဝင်သလို လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးသတ်သမားတွေအဖို့ မီးငြှိမ်းသတ်ရာမှာ ပိုလို့ခက်ခဲနေရပါတယ်။
တောမီးလောင်ကျွမ်းမှုကို မီးသတ်သမား ၂၅၀ ကျော်က မီးသတ်ကား ၄၆ စီး၊ ထရပ်ကား သုံးစီး၊ ရဟတ်ယာဉ်ငါးစီး၊ပရဟိတ သူနာတင်ယာဉ် ခြောက်စီးနဲ့ အခြားလိုအပ်တဲ့အရင်းအမြစ်ပစ္စည်းတွေနဲ့ ငြှိမ်းသတ် နေကြတယ်လို့ သိရပါတယ်။
Ref- BBC, CNN