၈.၁.၂၀၂၅
Translated by Htwe Ko Tun
ပြစ်တင်ရှုတ်ချခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်းက ဇန်နဝါရီလ ၆ ရက်မှာသက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တရားရုံးက ဝရမ်းသက်တမ်းကို ဇန်နဝါရီလ ၇ ရက်မှာ တိုးပေးခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၈ ရက်မှာတော့ ယွန်ကိုထောက်ခံသူနဲ့ ဆန့်ကျင်သူ လူအုပ်ကြီးနှစ်ခုက ယွန်ရဲ့ သမ္မတအိမ်တော်အနီးမှာ အပြိုင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတယွန်ကို ထောက်ခံသူ ၆၀၀ ခန့်က ဟန်ဂန်ဂျင်းဘူတာရုံအနားမှာ စုဝေးကြပါတယ်။ သူတို့အများစုကတော့ ခရစ်ယာန် သင်းအုပ်ဆရာ Jeon Kwang-hoon ခေါင်းဆောင်တဲ့ ရှေးရိုးစွဲအုပ်စုတစ်ခုက ဖြစ်ကြပြီး တခြားရှေးရိုးစွဲအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Freedom Union သမဂ္ဂကလည်း ပါဝင်ပါတယ်။
ထောက်ခံသူတွေက မီးအနီရောင်အချောင်းတွေကိုင်ဆောင်ကာ တောင်ကိုရီးယားနဲ့ အမေရိကန်အလံတွေ ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။ နောက် သူတို့က အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ လီဂျေမြွန်းကိုရည်ညွှန်းပြီး ‘လီဂျေမြွန်းကို ဖမ်းပါ’၊ ‘သမ္မတအပေါ်ပြစ်တင်ရှုတ်ချမှု အလိုမရှိ’ စသည်တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့ပြင် ယွန်ကိုထောက်ခံသူတွေက ယွန်ကို ဖမ်းဆီးခွင့် ဝရမ်းက ဥပဒေနဲ့မညီဘူးလို့ ပြောခဲ့ကြပါတယ်။ သူတို့က ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ဆက်စပ်ပြီး ယွန်အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ဆူပူအုံကြွမှု စတဲ့ တရားစွဲချက်တွေကို လာဘ်စားမှုစုံစမ်းစစ်ဆေးရေးရုံးက အရာရှိတွေအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူးလို့လည်း ပြောခဲ့ကြပါတယ်။
ယွန်ကို ဆန့်ကျင်တဲ့ အဖွဲ့ကလည်း အနီးမှာပဲ စုရုံးနေကြပြီး လာဘ်စားမှုစုံစမ်းစစ်ဆေးရေးရုံးက အရာရှိတွေ ဝရမ်းအတိုင်းလိုက်နာပြီး ယွန်ကို အမြန်ဆုံးဖမ်းဆီးဖို့ တောင်းဆိုမှုပြုနေကြပြန်ပါတယ်။
ဆန့်ကျင်ဘက် လူစုလူဝေးကြီးနှစ်ခုအကြား သူတို့ကိုခြားထားတဲ့ လုံခြုံစိတ်ချရမှုလိုင်း အနောက်ဘက်ကနေ တစ်ဖက်ကိုတစ်ဖက် အော်ဟစ်ပြောဆိုတာတွေရှိပေမယ့် ကြီးကြီးမားခိုက်ရန်ဖြစ်ပွားမှုတွေတော့ မရှိပါဘူး။ ရဲတပ်ဖွဲ့ကလည်း သူတို့ကြားမှာ ခိုက်ရန်မဖြစ်ပွားကြစေဖို့ အလတ်စားဘတ်စ်ကားတစ်စီးကို ချထားပါတယ်။
ဆန္ဒပြလူစုလူဝေးတွေက နေ့ရော ညပါ စုဝေးဆန္ဒပြနေကြတာ တွေ့ရပါတယ်။ တချို့ဆိုရင် အေးမြနေတဲ့ ရာသီဥတုအကြား လမ်းပေါ်မှာပဲ အိပ်ကြတာပါ။
Ref-Yonhap