၈.၁.၂၀၂၅
Written By Zun
ရန်ကုန်မြို့လယ်က ရွှေချစ်သူ စိန်ရွှေရတနာဆိုင် ဝင်ရောက်လုယက်ခံရမှု ယနေ့ဇန်နဝါရီလ ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀) အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်ရှိ ရွှေချစ်သူ စိန်ရွှေရတနာ ရောင်းဝယ်ဆိုင်ရေးဆိုင်တွင် ဆိုင်ပိုင်ရှင် ဒေါ်မိုးနှင်းစိုး၊ မန်နေဂျာ ဦးဇော်ဌေး၊ ဝန်ထမ်း ဒေါ်တင်တင်ဝင်းတို့ (၃)ဦး ရှိနေစဉ် အသက်(၃၀)နှစ်ခန့်ရှိ ဘောင်းဘီရှည်ဝတ်ထားသည့် အမျိုးသားတစ်ဦး(စိစစ်ဆဲ)က အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းလိုကြောင်းပြောသဖြင့် အခန်းတံခါးကို ဖွင့်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဖွင့်ပေးခဲ့ရာ နောက်ထပ် ဘောင်းဘီရှည်ဝတ်ထားသည့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)တို့လိုက်ပါကာ အခန်းထဲဝင်ခဲ့ကြပြီး ၎င်းတို့(၃)ဦးထဲမှ(၁)ဦးက သေနတ်အတို (၁)လက်၊ ဓားမြှောင် (၁)ချောင်းတို့ကို ပြ၍ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အရောင်းကောင်တာဘေး ကြမ်းခင်းတွင် ချထားသည့် ငွေစက္ကူမျိုးစုံ ကျပ်သိန်း(၅၀၀)၊ မှန်ကောင်တာအတွင်းရှိ စိန်ရွှေပစ္စည်းမျိုးစုံ(အရေအတွက်/ စိစစ်ဆဲ)၊ စုစုပေါင်းငွေကျပ်သိန်း(၁၀,၀၀၀)ခန့်၊ ဒေါ်မိုးနှင်းစိုးတို့ကိုင်ဆောင်သည့် Redmi ဖုန်း (၂)လုံး၊ OPPO ဖုန်း (၁)လုံး၊ Huawei ဖုန်း (၁)လုံးတို့ကို ယူဆောင်ပြီး ဒေါ်မိုးနှင်းစိုးပါ (၃)ဦး အား အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ထားကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။
ယခုအခါအဆိုပါ လုယက်သွားသူများအား အမြန်ဖမ်းမိရေးအတွက် ပူးပေါင်းအဖွဲ့များက ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။
“အခုက ဓားပြတိုက်မှုမဟုတ်ဘူး။ လူက ၃ ယောက်တည်းဖြစ်လို့ လုယက်မှုဖြစ်တယ်။ အခု တရားခံတွေကို ဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေကြပါပြီ”ဟု ယင်းက MT News ကိုပြောသည်။