၈. ၁. ၂၀၂၅
Translated by Tha Doe
ထိုင်း – မြန်မာနယ်စပ်က တာ့ခ်ခရိုင် မဲဆောက်မှာ သောကြာနေ့က ပျောက်ဆုံးသွားတဲ့ တရုတ်သရုပ်ဆောင်ရဲ့ ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားတွေ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသလို ဒီပြန်ပေးဆွဲ လူကုန်ကူးမှုဖြစ်စဥ်ဟာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ အန္တရာယ်ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
တရုတ်သရုပ်ဆောင် Xingxing (အမည်ရင်း Wang Xing) ကို မြန်မာအာဏာပိုင်တွေက မြဝတီမြို့အနီး ကျားဖြန့်ဂိုဏ်းတစ်ခုက လှည့်ဖျားဖမ်းဆီးထားရာကနေ အင်္ဂါနေ့မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ဘန်ကောက်ကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ခဲ့တာပါ။ Xing Xing လို့ ပရိသတ်သိကြတဲ့ Wang ဟာ ထိုင်းဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ GMM Grammy ကို ကိုယ်စားပြုတယ်လို့ WeChat ကတစ်ဆင့် လိမ်လှည်ဖြားယောင်းမှုတစ်ခုရခဲ့အပြီးမှာ ကျားဖြန့်ဂိုဏ်းရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ဇန်နဝါရီ ၃ ရက်မှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် ရောက်ရှိအပြီးမှာ လာခေါ်တဲ့ လူလိမ်တွေက မဲဆောက်ခရိုင်ကို ပို့ဆောင်ခဲ့သလို တရားဝင်မဟုတ်တဲ့ နယ်စပ်ဂိတ်ကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့က အွန်လိုင်းလိမ်လည်မှုတွေနဲ့ နာမည်ကျော် ရွှေကုက္ကိုလ်ကို သူဖြတ်ကျော်ဝင်ရောက်ခဲ့ရတာပါ။
ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး (TICAC) ရဲ့ ရဲချုပ်ကို Wang က ဝန်ခံခဲ့ရာမှာတော့ သူဟာ တရားမဝင်ဂိတ်ကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ရချိန်မှာ လိမ်လည်လှည့်စားခံရတာကို သိခဲ့ရပေမဲ့ ခုခံဖို့ အစွမ်းအစမရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် Wang ကို လိမ်လည်ရာမှာ အသုံးချခံခဲ့ရတဲ့ GMM Grammy က ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်မှုမရှိကြောင်း တရုတ်ဘာသာနဲ့ ပြတ်ပြတ်သားသားငြင်းဆိုတဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ရသေးတာပါ။
တရုတ်မင်းသား Wang ဖမ်းဆီးသွားတဲ့ ကျားဖြန့်ဂိုဏ်းဟာ ထိုင်းလူမျိုးမဟုတ်ဘဲ တရုတ်-တရုတ်ချင်း လိမ်လည်လှည့်စားမှုမှာ Wang က သားကောင်ဖြစ်ခဲ့ရတာလို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်နေကြပြီး Wang ကလည်း သူ့ကို လိမ်လည်ကမ်းလှမ်းခံရတဲ့ သရုပ်ဆောင်အလုပ်အတွက် မိမိဆန္ဒအလျောက် ထိုင်းနိုင်ငံကို လာခဲ့တာပါ။
Wang မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာပြီးနောက်မှာ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားဖို့ လိမ်လည်တဲ့စာတိုတွေ ရိုက်တတ်အောင် သင်ယူခဲ့ရပြီး လိမ်လည်သူအဖြစ် အဓမ္မလှည့်စားဖို့ လေ့ကျင့်ခဲ့ရသေးတာပါ။ သူဟာ ကျားဖြန့်ဂိုဏ်းမှာ အွန်လိုင်းလိမ်လည်ဖို့ ၂ ရက် ၃ ရက်ခန့် လေ့ကျင့်သင်ကြားခဲ့ရပေမဲ့ အသံ ဒါမှမဟုတ် စကားစမြည်ပြောဆိုမှုအတွက် လေ့ကျင့်ပေးတဲ့အဆင့်တော့ မရောက်ခဲ့ပါဘူး။ Wang ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်နေရချိန်မှာ ကြောက် လန့်တကြား ဖြစ်နေခဲ့ရပေမဲ့ ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုက ကင်းလွတ်ခဲ့သလို သူ့ခြေထောက်က ဒဏ်ရာသဖွယ်ဖြစ်နေတဲ့အရာကလည်း မွေးရာပါအမှတ်ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကို ဖြေဆိုခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေက Wang ကို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ မြဝတီဘက်က မြန်မာတိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့သလို စစ်ဆင်ရေးမှာ နေရာနှစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ပထမနေရာက တရုတ်နိုင်ငံသား ၁၀ ဦးကို ကယ်ထုတ်ခဲ့သလို ဒုတိယနေရာဖြစ်တဲ့ Wang Xing ကို ကယ်ဆယ်ခဲ့တဲ့ နေရာမှာတော့ တရုတ်နိုင်ငံသား ၅၀ ကိုပါ ကယ်ဆယ်ခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆီလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားလုံခြုံမှုအပေါ် မေးခွန်းထုတ်ခဲ့ကြပေမဲ့ ထိုင်းဝန်ကြီးချုပ်ပေတုံတန် ရှင်နာဝပ်ထရာကတော့ “ဒါက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာမဟုတ်ဘူး” လို့ ငြင်းဆိုခဲ့သလို ဒါက ကျားဖြန့်လုပ်ငန်းတွေလုပ်ဆောင်ကြတဲ့ Call Center လိမ်လည်မှုအပါအဝင် နည်းပညာလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် လိမ်လည်လှည့်ဖြားမှုဆိုင်ရာ ကျယ်ပြန့်တဲ့ စိုးရိမ်ပူပန်မှုကို မီးမောင်းထိုးပြတာလို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေဟာ ဝမ်ရဲ့အမှုကို တရုတ်နိုင်ငံနဲ့ အမျိုးသားအဆင့် လွှဲပြောင်းပေးတဲ့ ယန္တရားအဖြစ် သတ်မှတ်လုပ်ဆောင်နေလို့ Wang ဟာ လူကုန်ကူးခံရသူအဖြစ် အဆင့်အတန်းသတ်မှတ်ပြီး နောက်ဆက်တွဲ အကာ အကွယ်နဲ့ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေကို စနစ်တကျလုပ်ဆောင်ပေးသွားမှာပါ။ ဒီဖြစ်ရပ်ဟာ ထိုင်း – မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးစိန်ခေါ်မှုနဲ့ ကမ္ဘာလှည့်ခရီးသွား အများဆုံးဝင်ရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရေးရည်မှန်းချက်တွေကို ဟန်ချက်ညီအောင်ထိန်းညှိနိုင်ဖို့ အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
Ref, Khaosod, The Nation Thailand