၈. ၁. ၂၀၂၅
Written by Nyein Kyaw
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့်နေရာ ၁၆ ခုရှိပြီး အသင့်လျော်ဆုံး တစ်နေရာအား အကျိုးအပြစ်များတင်ပြနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယမန်နေ့က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့်နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျော်ဆုံး တစ်နေရာအား အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
နိုင်ငံတကာတွင်လည်း ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံအသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ် စုစုပေါင်း တပ်ဆင်စက်အင်အားသည် မဂ္ဂါဝပ် ၇,၂၇၀ ကျော်ရှိပြီး စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ သို့သော် အကြမ်း ဖက်သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးထားခြင်းကြောင့် စုစုပေါင်းဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရသည့်အပြင် သဘာဝဓာတ်ငွေ့ကျဆင်းမှုနှင့် ရာဂီမုန်တိုင်းကြောင့်လည်း ၃၃၁ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်မီးပေးချိန်လျော့ကျခဲ့သည့်အခြေအနေများ ရင်ဆိုင်နေရခြင်းဖြစ်သည်။