၈.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ နယူးယော့ခ်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကနေ ဖလော်ရီဒါပြည်နယ်၊ ဖို့တ်လောက်ဒါဒေးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇန်နဝါရီလ ၆ ရက် ညက ဆိုက်ရောက်လာတဲ့ JetBlue လေကြောင်းလိုင်းလေယာဉ်တစ်စီးရဲ့ လေယာဉ်ဘီးအုံထားရှိရာ ဘီးတွင်းအစိတ်အပိုင်းထဲကနေ ပုပ်သိုးနေတဲ့ လူသေအလောင်းနှစ်လောင်းကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
JetBlue လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ရာမှာ အဲယားဘတ်စ် ၃၂၀ လေယာဉ်ဟာ ပျံသန်းမှု ခရီးစဉ် ၁၈၀၁ အရ နယူးယော့ခ်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှ ည ၈ နာရီ ၂၀ မိနစ်မှာထွက်ခွာခဲ့တာဖြစ်ပြီး ဖို့တ်လောက်ဒါဒေးလ်မြို့ လေဆိပ်ကို ည ၁၁ နာရီ ၃ မိနစ်မှာဆိုက်ရောက်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ လေယာဉ်က အမြင့်ပေ ၃၈,၀၀၀ ခန့်ကနေ နှစ်နာရီနဲ့ ၄၃ မိနစ်ကြာပျံသန်းခဲ့တာလို့လည်း သိရပါတယ်။
အဲယားဘတ်စ် ၃၂၀ လေယာဉ်ဟာ ဇန်နဝါရီလ ၆ ရက်ကတစ်နေ့လုံးနီးပါး ပျံသန်းမှုခရီးစဉ်တွေ ပြုလုပ်နေခဲ့တာပါ။လေယာဉ်က ဂျမေကာနိုင်ငံ၊ ကင်းစတုန်းမြို့ကနေ လေယာဉ်ကို နံနက် ၁ နာရီ ၁၀ မိနစ်မှာ စတင်ပျံတက်လာတာပါ။ နယူးယော့ခ်မြို့ကို နံနက် ၇ နာရီ ၃၆ မိနစ်မှာရောက်ရှိပြီး Salt Lake City မြို့ကို ပျံသန်းခဲ့ပါသေးတယ်။ ဒီ့နောက်မှ နယူးယော့ခ်ကိုပြန်လာပြီး ညပိုင်းမှာတော့ ဖို့တ်လောက်ဒါဒေးလ်မြို့ကို ပျံသန်းမှုခရီးစဉ် ပြုလုပ်ခဲ့တာပါ။
လေယာဉ်မှူးတွေအနေနဲ့ ပျံသန်းမှုခရီးစဉ်တွေမစမီ လေယာဉ်ကို လိုက်လံစစ်ဆေးကြည့်ရှုဖို့ တာဝန်ရှိတယ်လို့ ဆိုရမှာပါ။ဘီးတွင်းတွေကိုလည်း စစ်ဆေးကြရမှာပါ။ ဒီဖြစ်ရပ်မှာတော့ သူတို့အနေနဲ့ လေယာဉ် ဘီးအုံအတွင်းပိုင်းကို ရုတ်တရက်မမြင်ကြတာလို့လည်း ယူဆရပါတယ်။
လေယာဉ်ကဖို့တ် လောက်ဒါဒေးလ်မြို့လေဆိပ်ကို ဆင်းသက်အပြီး ခရီးသည်တွေအားလုံး လေယာဉ်ပေါ်က ဆင်းသက်လို့ လေယာဉ်ကို လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုပြုလုပ်စဉ်မှာ ဘီးကျင်းထဲက လူသေအလောင်း နှစ်လောင်းကိုတွေ့ခဲ့တာပါ။ သေဆုံးနေတဲ့နှစ်ဦးစလုံးက အမျိုးသားတွေဖြစ်ပြီး ဂျမေကာနိုင်ငံသားတွေလို့လည်း ယုံကြည်ရပါတယ်။ သူတို့ရဲ့အလောင်းတွေက ပုပ်သိုးနေပြီး မည်သူဆိုတာ ခွဲခြားမသိနိုင်ဘူးလို့လည်း သိရပါတယ်။
ဒီဖြစ်ရပ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှာ ချီကာဂိုမြို့ကနေ ဟာဝိုင်အီပြည်နယ်၊ Mauiကျွန်းကို ရောက်ရှိလာတဲ့ United Airlines လေကြောင်းရဲ့ ဘိုးရင်း ၇၈၇-၁၀ လေယာဉ်ရဲ့ လေယာဉ်ဘီးအုံဘီးတွင်းထဲမှာ ဒီလိုပဲ လူသေအလောင်းတစ်ခုတွေ့ခဲ့ပြီး နှစ်ပတ်အကြာမှာထပ်မံဖြစ်ပွားခဲ့တာပါပဲ။
Ref- CBS