၈.၁.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့တွင်၊ မူယန်င်မြို့နယ်၊ ထာ့ဆိုင်ကျေးရွာရှိ ဝပ်ခေါင်ခု စာသင်ကျောင်းအနီး လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ည သန်းခေါင်အချိန်က ပြုလုပ်ခဲ့သော ခေါင်ခုပွဲတော်၏ စတိတ်ရှိုးစင်ရှေ့ ကခုန်နေစဥ်တွင် ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာအလုပ်သမားတစ်ဦး၏ ခြေထောက်ကိုမတော်တဆ တက်နင်းမိခဲ့သည်ကို မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားအား မကျေနပ်၍ စတိတ်ရှိုးအပြီးတွင် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ထိုးကြိတ်ခံရသည့် ထိုင်းနိုင်ငံသားက သက်ဆိုင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့၍ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ရက်သတ္တပတ် နှစ်ပတ်ကျော် (၁၆ ရက်) အကြာ ဇန်နဝါရီလ ၇ ရက်တွင် ယင်းမြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းပြစ်မှူကျူးလွန်သူများမှာအသက် ၁၉ နှစ်အရွယ် စိုင်သန့်လူ၊ သီဟထွန်း၊ ချိုဝင်းထွန်း၊ အသက် ၂၁ နှစ်အရွယ် နိုင်ထက်ကျော်၊ သက်ပိုင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မင်းမင်းဇော်တို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်သတင်းစာရှင်းလင်းပွဲကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
ယခုအခါ ယင်းမြန်မာအလုပ်သမား လူငယ် ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ သူတစ်ပါးအပေါ်နာကျင်စေရန် ဝိုင်းဝန်းထိုးကြိတ်မှု၊ တရားမဝင် တုတ်၊ ဓားလက်နက်ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးချုပ်နှောင်အရေးယူထားကြောင်း သိရသည်။