◾ လုယက် သတ်ဖြတ်သွားသူက အလောင်းကို ကားတစ်စီးပေါ်ထားပစ်ခဲ့
၈.၁.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကုန်စိမ်းရောင်းသူတစ်ဦးကို သတ်ဖြတ်၍ ငွေကြေးများယူသွားမှု
ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)၊ကင်းဝန်မင်းကြီးလမ်းပေါ်တွင်ရပ်ထားသောကားတစ်စီးပေါ်၌ ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၁၁ နာရီခွဲကျော် အချိန်က ရုပ်အလောင်းတစ်ခုတွေ့ရှိရာ အသတ်ခံရသူမှာ တညင်းကုန်းစျေး၊ ရုံ(၂)၌ ကုန်စိမ်းရောင်းသော ဇော်မျိုးနိုင်(ခေါ်)အညာသား ဆိုသူဖြစ်ကြောင်း သိရသည်။
ယင်း၏ရုပ်အလောင်းကို ဦးရွှေဘင်လမ်းဘက်မှဆိပ်ကမ်းသာလမ်းဘက်သို့ ဦးတည်ရပ်ထားသောYGN 5 9J/1265 ဒိုင်ဟတ်စုကားပေါ်တွင် ဝမ်းဗိုက်လက်ဝဲဘက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ လက်ယာဘက်ခြမ်း လည်ပင်းတွင် ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။
ယင်းကို ဓားဖြင့်ထိုးသတ်ထားခဲ့ခြင်းဖြစ်ပြီး ငွေကြေးများလည်း ပျောက်ဆုံးနေကြောင်း ၊ အသတ်ခံရသူ၏မိသားစုဝင်များက ရဲတပ်ဖွဲထံတိုင်ကြားကာ အမှုဖွင့်ထားကြောင်း သိရသည်။
“လူသတ်ဓားပြတိုက်သွားတဲ့ ပုံစံဖြစ်နေတယ်။ ပစ္စည်းတွေ ငွေတွေပါသွားတယ်။ အခုက အင်းစိန်ရဲစခန်းမှာ (ပ)၁၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ထားတယ်။ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့ နဲ့မှုခင်းတပ်ဖွဲ့ပူးပေါင်းပြီးတော့ လူသတ်တရားခံဖမ်းမိရေးဆောင်ရွက်နေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။