၈.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသတွင် ဇန်နဝါရီလ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်က လှုပ်ခတ်သွားခဲ့သော ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၈ ရှိသော မြေငလျင်ကြောင့် သေဆုံးသူဦးရေမှာ ရှေးဦးသတင်းများအရ ၉၅ ဦး ရှိခဲ့သော်လည်း ယခုအခါ ၁၂၆ ဦးအထိ တိုးမြင့်လာကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင်ထုတ်ပြန်ခဲ့သော သတင်းက ဖော်ပြခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် အိမ်ပေါင်း ၃,၆၀၉ အိမ် ပျက်စီးခဲ့ရသည်ဟု ရှေးဦးကောက်ခံမှုများအရ သိရသည်ဟု ဒေသအာဏာပိုင်များက ပြောခဲ့ကြသည်။ ဒဏ်ရာရသူအရေအတွက်မှာလည်း ၁၈၈ ဦးအထိ မြင့်တက်လာသည်ဟု သတင်းကဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၄၀၇ ဦးကိုကယ်ဆယ်နိုင်ခဲ့ကာ ဒေသခံ ၃၀,၀၀၀ ကျော်ကိုလည်း ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့ များက အိုးအိမ် အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သူများကို ဒေသအတွင်း အပူချိန် -၁၇ ဒီဂရီ အထိကျဆင်းနေသည့်ကြားမှ အစွမ်းကုန်ဆက်လက်ရှာဖွေနေကြောင်းလည်း ပြောခဲ့ကြသည်။
ငလျင်၏ဗဟိုချက်က တိဘက်ဒေသအတွင်း ဒင်ဂရီခရိုင်ရှိ ဆိုဂိုမြို့နယ်အတွင်းတွင်ဖြစ်ကာ ငလျင် ဗဟိုချက်မှ ကီလိုမီတာ၂၀ ပတ်လည်အတွင်း ခန့်မှန်း လူ ၆,၉၀၀ နေထိုင်သော ကျေးရွာ ၂၇ ရွာ ရှိကြောင်းလည်း သိရသည်။ ဒင်ဂရီခရိုင်က လူနေထူထပ်ကာ လူဦးရေ ၆၁,၀၀၀ ကျော်ရှိပြီး နီပေါနိုင်ငံနယ်စပ် ဟိမဝန္တာတောင်တန်း၏မြောက်ဘက်တောင်စောင်းတွင် တည်ရှိကြောင်းလည်း သတင်းများကဖော်ပြခဲ့ကြသည်။
Ref, Xinhua