◾ လွန်ခဲ့သော ၅ ရက်ခန့်က နှစ်ကြိမ်ဖြစ်ပွားပြီး ယနေ့ တစ်နေ့တည်း မီးထတောင်လောင်မှု ၃ ကြိမ် ဖြစ်ပွားပြီး ဟုဆို
၇.၁.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းအတွင်း ဖြစ်ပွားနေသော ထူးဆန်းသည့်မီးလောင်မှုကို သက်ဆိုင်ရာက စောင့်ဆိုင်းကြည့်ရှုနေကြရကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက်က သင်္ကန်းများ၊ ခေါင်းအုံးများ၊ ထီးအချို့တို့ အလိုအလျောက် မီးထတောင်လောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကာ ညနေ ၆ နာရီကျော်အချိန်တွင် တစ်ကြိမ် ထပ်မံ ဖြစ်ပွားသောကြောင့် လက်ရှိတွင် စောင့်ဆိုင်းကြည့်ရှုနေကြရခြင်း ဖြစ်ကြောင်း သိရသည်။
“တချို့ကလည်း ပုဏ္ဏက တိုက်တာတို့ ဘာတို့ ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးသလိုမျိုး ပုံစံပြောကြတယ်။ နောက်ပြီး တော့ ရွှေရင်ကျော်နဲ့ ပြဖို့လည်း ပြောနေကြတယ်။ ဒီကျောင်းမှာ ဘုန်းကြီးနဲ့ ကိုရင်လည်း အများကြီး မရှိဘူး။ ထူးဆန်းတာက သေတ္တာထဲမှာ သင်္ကန်းလောင်ပြီး အောက်ခင်းထားတဲ့ စက္ကူကျ မလောင်ဘူး”ဟု အဆိုပါ ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုသူ ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ယင်းသို့ မီးလောင်မှု ဖြစ်ပွားသည့် ဘုန်းကြီးကျောင်းမှာ ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်းရွာရှိ အေးစေတီဘုန်းကြီး ကျောင်းအတွင်း ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဖြစ်စဉ်ကို သိရှိသူတစ်ဦး၏ ပြောပြချက်အရ လွန်ခဲ့သော ၅ ရက်ခန့်ကလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
“ဖြစ်ပုံက ဘာသာရေးအရလည်း နည်းနည်းဆန်မလားမသိပါဘူးဗျာ။ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ ရှေ့ပိုင်းမှာက အဲဒီဘုန်းကြီးကျောင်းရဲ့ ရှေ့မှာရှိတဲ့ ဘုရားပေါ်ကိုမိုးနေတဲ့ ညောင်ကိုင်းဆိုလား ကုက္ကိုကိုင်းဆိုလား အဲဒါကို မှားပြီးတော့ ခုတ်မိထားတာ ရှိတယ်လို့ သူတို့ ပြောပြတာ ရှိတယ်။ အဲဒါပြီးသွားတဲ့ နောက်ပိုင်းမှာ ဒီနေ့မတိုင်ခင် ရှေ့က ၅ ရက်လောက်က တစ်ခါ လောင်ထားသေးတယ်။အဲဒါက ဘုန်းကြီးကျောင်းရဲ့ ဗီရိုထဲမှာ လောင်တယ်။ အဲဒါပြီးတော့ သင်္ကန်းထည့်တဲ့ သေတ္တာထဲမှာ လောင်တယ်။ အဲလို နှစ်ခါလောင်ပြီး ၅ ရက်လောက်ကြာမှ ဒီနေ့(ဇန်နဝါရီလ ၇ ရက်)မှာ တစ်ခါလောင်တာ။ အခုမှ လောင်တာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အခု ပြောနေတဲ့အချိန် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ကိုရင်လေးအင်္ကျီနဲ့ ဇကာကုန်းလောင်နေတယ်။ခုန ပြောတာတွေ လောင်ပြီးတဲ့အချိန်မှာ လှန်းထားတဲ့ သင်္ကန်းလောင်တယ်။ ကိုရင်လေးသင်္ကန်း အသားလွတ်ကြီး ထလောင်တယ်။ လောင်လို့ နောက်သင်္ကန်းတစ်စုံလဲတာ ထပ်လောင်လို့ ကိုရင်လေးက သင်္ကန်းချွတ်ပြီး ထွက်ပြေးရတယ်။နောက်ပြီးတော့ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မှာထောင်ထားတဲ့ မိုးကာသား ကိုရင်တွေ၊ ယောဂီတွေ ဆောင်းတဲ့ ထီးလောင်သွားတယ်။ သင်္ကန်းတွေ၊ ခေါင်းအုံးတွေ လောင်တယ်။ ဘာမှန်းမသိတဲ့အတွက် ဒီညစောင့်ကြည့်နေကြတယ်။ ရပ်ရွာက လူကြီးတွေနဲ့ သက်ဆိုင်ရာ မီးသတ်အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်နေကြတယ်။ကျောင်းတွေ ဘာတွေလောင်မှာလည်း ကြောက်လို့ပေါ့။ထူးဆန်းတာကလေ ဟိုလို ဟုန်းဟုန်းတောက်လောင်တာမဟုတ်။ ဟိုတစ်ခု ဒီတစ်ခု မီးထတောက်ပြီးလောင်တာ။လောင်တဲ့အခါ လက်သီးဆုပ်လောက် လောင်တယ်။ ကိုရင်လေးရဲ့သင်္ကန်းကို လောင်တုန်းကတော့ ကိုရင်လေး မျက်နှာကို မီးထဟတ်တယ်တဲ့”ဟု ယင်းကပြောသည်။
အဆိုပါ သတင်းအပေါ် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက “ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ ကန့်တို့ကြောင့် အဓိက ဖြစ်နိုင်ပါတယ်။ လောင်ထားတဲ့သင်္ကန်းနဲ့ ထီး၊ ခေါင်းအုံး အစရှိတဲ့ ပစ္စည်းတွေကို ဓာတ်ခွဲစစ်ဆေးကြည့်ရင် အဖြေက ပိုရှင်းပါမယ်။ သိပ္ပံသဘောတရားပါခင်ဗျာ။ လေတိုက်တိုင်း ပွတ်တိုက်မှုဖြစ်တိုင်း အလိုအလျောက် လောင်ကျွမ်းတတ်ပါတယ်”ဟု လည်း မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရသည်။