◾️မဲဆောက်သွားရောက်နိုင်သည့် နိုင်ငံကူးစာအုပ်ပြုလုပ်ခ ကျပ် ၂၀၀၀ သာ ကုန်ကျမည်
၁၂. ၁. ၂၀၂၃
Written by Myo Khine
ကိုဗစ်ကပ်ရောဂါကြောင့် လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ်ကပင် ပိတ်ထားခဲ့ရသော ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁) တံတားကို ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကာ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ သွားရောက်နိုင်သည့် နိုင်ငံကူးစာအုပ်ပြုလုပ်ခ ကျပ် ၂၀၀၀ သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
“တံတားက ဖွင့်ပြီ။ မြန်မာနိုင်ငံဘက်က မဲဆောက်ကို သွားမယ်ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ လိုအပ်တာတွေကတော့ မှတ်ပုံတင် ယူလာရမယ်။ ပြီးတော့ ချစ်ကြည်ရေးတံတားထိပ်မှာ ကောင်တာ နံပါတ် ၁ နဲ့ ၂ ရှိတယ်။ အဲဒီမှာ မဲဆောက်ကို သွားမယ့် နိုင်ငံကူးနယ်ခြားဖြတ်ကျော်ခွင့်စာအုပ်ပြု လုပ်ရပါမယ်။ ကတ်ပြားထုတ်ခ ၁၀၀၀။ တံဆိပ်ထုခက ၁၀၀၀။ စုစု ပေါင်း ၂၀၀၀ ကုန်ပါမယ်။ မဲဆောက်မှာ ၆ ည အိပ် ၇ ရက် နေလို့ရပါတယ်”ဟု မြဝတီနယ်စပ်ဂိတ်တာဝန်ရှိသူက MT News သို့ ပြောသည်။
ဇန်နဝါရီ ၆ ရက်က တာ့ခ်ခရိုင်မှူးဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပြုလုပ်ခဲ့သည့် တာ့ခ်ခရိုင်နယ်စပ်ရေးရာစီမံခန့်ခွဲမှု အွန်လိုင်းအစည်းအဝေးအတွင်း တံတားကို ဇန်နဝါရီ ၁၂ ရက်၌ ဖွင့်လှစ်ရန်ဆုံးဖြတ်၍ သက်ဆိုင်ရာကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ တံတားဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် အများပြည်သူလည်း တက်ရောက်နိုင်ကြောင်း ဆော်သြထားခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက် ၇ နာရီကနေ မြန်မာဘက်က စပြီးကားတွေလွှတ်တယ်။ ထိုင်းဘက်က လာကြိုတာ။ ဖွင့်ပွဲက ထိုင်းဘက်ခြမ်းမှာလုပ်တာ။ အခု ဒီတံတားက ကရင်ပြည်နယ်အစိုးရက နစကကို တိုက်ရိုက်တင်တာကြောင့် တိုက်ရိုက်ဖွင့်ပေးလိုက်တယ်လို့သိရတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အရာရှိကြီးတစ်ဦးက MT News သို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက် – မြဝတီ နယ်စပ်မှ ချစ်ကြည်ရေးအမှတ် (၁) တံတားနှင့် ချစ်ကြည်ရေးအမှတ် (၂) တံတားဟူ၍ တံတား၂ စင်းရှိသည့်အနက် အမှတ် (၁) တံတားမှ မြဝတီ -မဲဆောက် ဒေသခံပြည်သူများ နှစ်နိုင်ငံ အလည်ဗီဇာနှင့် နှစ်နိုင်ငံ ဖြတ်ကျော်ကူးသန်းသွားလာရေး အပါအဝင်ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် မော်တော်ယာဉ်အသေးများကို ဖြတ်သန်းခွင့်ပြုသည့် တံတားဖြစ်ကြောင်း သိရသည်။
အဆိုပါ မြဝတီ – မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားမှာ သောင်းရင်းမြစ်ကိုဖြတ်၍ အရှည် ၄၂၀ မီတာ၊ အကျယ် ၁၃ မီတာ တည်ဆောက်ထားသော တံတားဖြစ်ပြီး ထိုင်း – မြန်မာနှစ်နိုင်ငံသဘောတူညီမှုအရ လွန်ခဲ့သော ၁၉၉၇ ခုနှစ်၊ ဩဂုတ် ၁၅ ရက်က ဖွင့်လှစ်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက် ည ၁၀ နာရီ ခွဲခန့်အချိန်က ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးခဲ့သော ဖြစ်စဉ်ရှိခဲ့ဖူးသည်။