၇.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသတွင် ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၈ ရှိသော ပြင်းထန်သည့် မြေငလျင်တစ်ခု ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့ရာ အနည်းဆုံး ၉၅ ဦးသေဆုံးခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်းနီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများအပါအဝင် ဟိမဝန္တာဒေသတစ်ခုလုံးမှ ခံစားခဲ့ရကြောင်းလည်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးအဖွဲ့(USGS) ကမူ ငလျင်က ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၁ ရှိကာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး အနက် ၁၀ ကီလိုမီတာ( ၆ ဒသမ ၂ မိုင်) ကို ဗဟိုပြုခဲ့ကြောင်း၊ နောက်ဆက်တွဲငလျင်အများအပြားလည်း ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ငလျင်ဒဏ်ကြောင့် အနည်းဆုံးသေဆုံးသူ ၉၅ ဦးရှိခဲ့ပြီး ၁၃၀ ဦးဒဏ်ရာရခဲ့ကြောင်း Xinhua သတင်း ဌာနက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပြည်မကြီး၏ အနောက်တောင်ပိုင်းဒေသများကလည်း ငလျင် လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။
ငလျင်၏ဗဟိုချက်က ဧဝရတ်တောင်၏ မြောက်ဘက် ၈၀ ကီလိုမီတာခန့် အကွာတွင်ဖြစ်ပြီး တိဘက် ဒေသအတွင်း လူ ၈၀၀,၀၀၀ ခန့်နေထိုင်ရာ Shigatse ဒေသအတွင်းဖြစ်ကာ ထိုဒေသမှာ အဓိကသက်ရောက်ခဲ့ကြောင်း သိရသည်။
Xinhua သတင်းဌာနက ငလျင်ကြောင့် ဒေသအတွင်း အိမ်ခြေ ၁၀၀၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်းလည်း ပြောကြားသွားခဲ့သည်။
ထိုငလျင်က ဟိမဝန္တာဒေသအတွင်း၌ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဝါးဆုံးငလျင်ဖြစ်ကြောင်းလည်း သိရသည်။
Ref- Reuters