၇.၁.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ အဆိုတော် ဗီဗာဟိန်းက ဆုတောင်းထားတဲ့အတိုင်း သမီးလေးရတာမို့ အရမ်းပျော်ပြီး ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။
“တကယ်တော့ ကိုယ်လိုချင်တဲ့ ဆုတောင်းပြည့်ခဲ့တာပေါ့နော်။ ပထမသားဦးလေးတုန်းက သားလေးမွေးပါစေ ဆုတောင်းလေးပြည့်ခဲ့တယ်။ ခုလည်း နောက်တစ်ယောက်ကို သမီးလေးလိုချင်တယ်ဆိုပြီး ကိုယ်ဝန်စရှိတည်းကပြောလာတာ အခုတော့ဆုတောင်းပြည့်ပြီ။ အရမ်းလည်း ပျော်ပါတယ်။ ခုထဲက အတွေးတွေ ကိုယ်စီပေါ့နော်။ စံပြမိဘတွေဖြစ်အောင် ကြိုးစားပါ့မယ်။ လုံးဝ Surprise ဖြစ်တယ်။ နောက်ဆုံးဗိုက်ဆိုပြီး Surprise စီစဥ်လိုက်တာ။ အဖေတို့ အမေတို့ ကိုယ်အိမ်ထောင်ကျတာ မြင်မသွားရှာဘူးလေ။ ဒီအတွက် ဝမ်းနည်းမိသွားပဲရှိတာပါ။ ဗီဗာ့ရဲ့မိဘတွေကို အရမ်းသတိရတယ်။ သူတို့တွေသာရှိရင် အရမ်းပျော်မှာလို့ တွေးမိတယ်”လို့ အဆိုတော် ဗီဗာဟိန်းက ပြောပါတယ်။
ခင်ပွန်းဖြစ်သူ အာကာဟိန်းက ဗီဗာဟိန်းနဲ့ အိမ်ထောင်မကျခင်ကတည်းက လိမ္မာမယ်ဆိုတဲ့ ကတိတွေ တည်ပေးခဲ့လို့ ခင်ပွန်းကိုလည်း အရမ်းကျေးဇူးတင်ရသလို သားလေး တစ်ယောက်ပိုင်ဆိုင်ထားပြီး မကြာခင် ဧပြီလမှာတော့ သမီးလေးရရှိမှာမို့ အရမ်းပီတိဖြစ်ရတယ်လို့ သူမကဆိုပါတယ်။
အာကာဟိန်းကလည်း ဗီဗာဟိန်းရဲ့ ဖခင်ရဲ့ တေးသီချင်းတွေကို ၂ ပုဒ်ပြန်လည် သီဆိုထုတ်လုပ်သွားမယ်လို့ သိရပါတယ်။