၇.၁.၂၀၂၅
Written By Thandar
မင်းသားကြီး ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကုမ္ပဏီ မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ယနေ့ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ ကုန်ပဒေသာ မှတ်တိုင်အနီး Min Thar Gyi Entertainment မှာ ကျင်းပခဲ့ရာ နာမည်ကြီးအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ အကြီးအကဲဆိုတဲ့ ဇာတ်ကားကို နောက်ဆုံးမှ ရိုက်မှာပါ။ ရုပ်ရှင်ဇာတ်ကားကြီးက ၅ လပိုင်း ၆ လပိုင်းလောက် ရိုက်ကြမှာပါ။ အခု ကျန်တဲ့ ၃ ကားရိုက်မှာပါ။ သရုပ်ဆောင်က ဘယ်သူကိုမှမခေါ်ရသေးဘူး။ ဇာတ်တွေကို ကြိုက်လို့ရိုက်မှာပါ။ ဘယ်သူ့ကို ဘယ်နေရာမှာထားမယ်လို့ မဆုံးဖြတ်ရသေးတာပါ။ ဒီမိတ်ဆက်ပွဲလေး အရင်လုပ်လိုက်တာပါ။ ကျွန်တော်က အနုပညာပိုးရှိတာမို့ ခေါင်းဆောင်မင်းသားနေရာပဲ ရိုက်ဖို့တော့မဟုတ်ပါဘူး။ လိုအပ်နေတဲ့နေရာမှာ ကျွန်တော်နဲ့လိုက်ဖက်တဲ့နေရာမှာ ပါဝင်ရိုက်ကူးမှာပါ။ မင်းသား၊ မင်းသမီးရဲ့ ဦးလေး၊ အဖေစတာတွေပေါ့။ အသက်ငယ်မယ်ဆိုရင်တော့ မင်းသားနေရာရိုက်ချင်တာပါ။ ခုကတော့ အနုပညာကို အရမ်းဝါသနာပါလို့ပါ။ ခုမှဇာတ်ကားတွေရိုက်ဖို့ ဖြစ်လာတာပါ”လို့ မင်းသားကြီး ထုတ်လုပ်ရေးက မင်းသားကြီးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ မိတ်ဆက်ပွဲကိုတော့ အကယ်ဒမီအောင်ခိုင်၊ နေမျိုးအောင်၊ ဒါရိုက်တာ ရှုမဝ တင်ငြိမ်း၊ မင်းသူ၊ နိုင်လူ၊ဒေါင်းဝေ၊ ဒါရိုက်တာ စိုးမိုးမင်း၊ ဝင်းမြိုင်၊ အကယ်ဒမီ ဝါဝါအောင် စတဲ့သူတွေ တက်ရောက်လာပြီး တေးသီချင်း တွေ သီဆိုဖျော်ဖြေကာ အစားအသောက်တွေ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
မင်းသားကြီး ထုတ်လုပ်ရေးအနေနဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရန်နိုင်ထွန်း ရေးသားပြီး ဒါရိုက်တာ တင် အောင်ကျော်ရိုက်မယ့် “ချွန်း” ဇာတ်ကား၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရန်နိုင်ထွန်း ရေးသားပြီး ဒါရိုက်တာ ကျော်ဇ ရိုက်ကူးမယ့် “အသက်လျော်ကြေး” ဇာတ်ကား၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဓနုတ်ကိုကိုဇော် ရေးသားပြီးတော့ ဒါရိုက်တာ မိုးနိုင်(ရေနံချောင်း) ရိုက်ကူးမယ့် “ပြည်တော်ပြန် လှဖေမြရွှေ” ဇာတ်ကားတို့အပြင် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း မိုးစက်ဝိုင်းရေးသားပြီးတော့ ဒါရိုက်တာ စိုးမိုးမင်းရိုက်ကူးမယ့် “အကြီးအကဲ” ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံး တင်ဆက်သွားမယ်လို့ သိရပါတယ်။