၇.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ အခု ရက်သတ္တပတ်အတွင်း ဆောင်းရာသီကာလ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်အနည်းဆုံး လူငါးဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၇ ရက် သတင်းများကဖော်ပြခဲ့ပါတယ်။
နှင်းမုန်တိုင်းဒဏ်ကြောင့် မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ ကန်ဆတ်၊ မစ်ဆိုရီ၊ ကန်တပ်ကီနဲ့ အာကန်ဆတ်စ်ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး ကျောင်းများပိတ်၊ ခရီးသွားလာမှုတွေအခက်အခဲဖြစ်ကာ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ခဲ့ရပါတယ်။
လေကြောင်းပျံသန်းမှုခရီးစဉ် ၂,၃၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ပျံသန်းမှုခရီးစဉ် ၉,၀၀၀ ကျော်ကတော့ နှောင့်နှေးမှုဖြစ်ရတဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။ ဒါတွေက မြောက်ဝင်ရိုးစွန်းကို ရစ်ပတ်လေ့ရှိတဲ့ အလွန်အေးတဲ့ ဆောင်းဥတုလေဝဲဂယက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုအခြေအနေဆိုးတွေလို့ဆိုရမှာပါ။
အထက်ဖော်ပြခဲ့တဲ့ပြည်နယ်တွေမှာ ဇန်နဝါရီ ၆ ရက်ညအထိ လူနှစ်သိန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့လည်း သိရပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းမှာ ဇန်နဝါရီလ ၇ ရက်မှာလည်း ဆောင်းနှင်းနဲ့ မိုးနှင်းတွေ ဆက်လက်ကျဆင်းနေလိမ့်ဦးမယ်လို့ ရာသီဥတုခန့်မှန်းချက်တွေက ဖော်ပြခဲ့ပါတယ်။
ရာသီဥတုခန့်မှန်းချက်တွေအရ ဆီးနှင်းကျရောက်မှုတွေကလျော့ကျပျောက်ကွယ်သွားနိုင်ပေမယ့် အေးမြလှတဲ့ အာတိတ်ဝင်ရိုးစွန်းလေထုတိုက်ခတ်မှုက နောက်ရက်သတ္တပတ် အတန်ကြာတဲ့အထိ အမေရိကန်နိုင်ငံရဲ့ နေရာအတော်များများမှာ ရှိနေလိမ့်ဦးမယ်လို့ သိရပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ ဇန်နဝါရီလ ၆ ရက်က ကျဆင်းနေတဲ့နှင်းထုက ၅ လက်မ မှ ၉ လက်မအထိ(၁၃ စင်တီမီတာ မှ ၂၃ စင်တီမီတာအထိ) ရှိခဲ့ပြီး အိမ်နီးချင်း မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တွေလိုပဲ စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၇ ရက်အထိ ဝါရှင်တန်ဒီစီမှာ ရာသီဥတု အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့အခြားသောဒေသတွေမှာလည်း ဆောင်းရာသီကာလ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆိုးဝါးအန္တရာယ်ရှိတဲ့ လမ်းခရီးအခြေအနေတွေကို တွေ့ကြုံနေကြရပါတယ်။ မစ်ဆိုရီပြည်နယ်မှာဆိုရင် ဇန်နဝါရီလ ၅ ရက်ကနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး တစ်ဦးသေဆုံးကာ ၃၆၅ ဦးဒဏ်ရာရခဲ့တာပါ။ ဒီလိုပဲ အခြားပြည်နယ်တွေမှာလည်းဆိုးဝါးတဲ့နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေကြေဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတာပါ။
Ref-BBC