၇. ၁. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စားသုံးသူများ၏ တိုင်ကြားမှုစုစုပေါင်း ၃၃၂ မှုရှိခဲ့ပြီး ဆက်သွယ်ရေး၊ ငွေရေးကြေး ရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် အများဆုံး အတိုင်ကြားခံခဲ့ရသည်ကို တွေ့ရှိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)တွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၃၃၂ မှု ရှိသည့်အနက် ကုန်စည်ဆိုင်ရာတိုင်ကြားမှု ၃၆ မှု၊ ဝန်ဆောင်မှုဆိုင်ရာတိုင်ကြားမှု ၂၉၆ မှုရှိပြီး ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားမှုများအနက် ဆယ်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သည့်တိုင်ကြားမှုများ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
စားသုံးသူကာကွယ်ရေးအတွက် ၂၀၁၇ ခုနှစ်မှစတင်ပြီး စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်) အပါအဝင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center-CICC) ၄၈ ခုကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာ၊ အီးမေးလ်၊ ဖုန်းဖြင့် တိုင်ကြားလာသည့် စားသုံးသူတိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အပြင် အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်ရန် Consumer Call Center (၁၅၃၅)ကို ၂၀၂၁ ခုနှစ်မှစတင်၍ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ လိုင်းခွဲနံပါတ်များ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကဏ္ဍအနေဖြင့် အစားအ သောက်များ၊ လူသုံးကုန်ပစ္စည်းများကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ /မရှိ သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုင်ကြားလာသောအမှုများကို ဖြေရှင်းထားသည့် နည်းလမ်းများအား ကိုးကားနိုင်ရန်နှင့် လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ “စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ရာတွင် စံပြုဖွယ်ရာအမှုများ” စာအုပ်ကို နှစ်အလိုက် ပြုစုထုတ်ဝေလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။