၇. ၁. ၂၀၂၅
Written by Nay Moe
ဗကသများအဖွဲ့ချုပ် (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ဟာ ရန်ပုံငွေရှာဖွေဖို့ ခေါင်းစဥ်တပ်ပြီး KTV ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်လာပါတယ်။
ရန်ပုံငွေ ခေါင်းစဥ်တပ်ပြီး KTV ဖွင့်ဖို့ ကြိုးပမ်းတဲ့ အောင်ပြည့်စုံဖြိုးနဲ့ ရှိုင်းဝဏ္ဏအောင်တို့နဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ရာမှာ”ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန်ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။ အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်း ဥပဒေ ၊ မူဝါဒစံနှုန်း ၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေသည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်သည်။ ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ် စေရန်လည်းကောင်း ၊ အဆိုပါလုပ်ငန်းမှ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်ကို ဗကသဘဏ္ဍာငွေအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း ဗဟိုအမှုဆောင်အဖွဲ့ အနေဖြင့် ဆုံးဖြတ်ကြေညာအပ်ပါသည်။ တစ်ဆက်တည်း အဆိုပါကိစ္စတွင် ဆက်စပ်ပတ်သက်ခဲ့သော ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ဗကသများအဖွဲ့ချုပ် – ဗဟိုစည်းရုံးရေး ကော်မတီ၊ ဘဏ္ဍာရေးတာဝန်ခံတာဝန်မှ ထုတ်ပယ်လိုက်ပါသည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီလို ထုတ်ပယ်မှုနဲ့ ပတ်သက်ပြီးလည်း ထုတ်ပယ်ခံရသူက သူ့ရဲ့ Aung Pyae Sone Phyo အကောင့်မှာ” အမှားလုပ်မိတာမလို့ အဖွဲ့အစည်းက ဒီလိုအရေးယူတာကို ကျေကျေနပ်နပ်လက်ခံပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ရင်းနှီးပါစေ အလုပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ကိုင်တွယ်တတ်တဲ့ ရဲဘော်တွေအတွက် ကျနော်ဂုဏ်ယူပါတယ်။ ၂၀၁၇ ကနေ စတင်ခဲ့တဲ့ ဆယ်စုနှစ်တခုစာနီးပါရှိတဲ့ တန်ဖိုးတခုကို မကျော်သင့်တဲ့စည်း ကျော်မိတာကြောင့် ဆုံးရှုံးလိုက်ရပါတယ်။ ကျနော့ကြောင့် အဖွဲ့အစည်းဖြစ်တာမဟုတ်ပါ။ အဖွဲ့အစည်းကြောင့် ကျနော်ဖြစ်လာတာပါ။အမှားကို လက်ခံကာ ပြစ်ဒဏ်ကိုလိုက်နာ ပြုပြင်ပြီး ဒီတော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ စွန့်ခွာမှာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ ဒီလောက်နဲ့ ပြိုလဲရင် ဆုံးရှုံးခဲ့ရတာတွေအတွက် ဘယ်တန်ပါ့မလဲ။ ပြုပြင်ပြီးရင် ပြန်လာခဲ့ပါမယ်။ ရဲဘော်တို့ကို မျက်နှာပျက်စေတဲ့အတွက် တောင်းပန်ပါတယ်(သတ်ပုံမူရင်း)”လို့ ဖော်ပြတောင်းပန်ခဲ့တာ တွေ့ရပါတယ်။