၁၂. ၁. ၂၀၂၃
Written by Min Mahar
ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ဌာနချုပ်ဖြစ်သော ဗစ်တိုးရီးယားစခန်းအား လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆိုင်ခန်းများပိတ်သည့်သပိတ်ကို ဇန်နဝါရီ ၁၁ ရက်က ဟားခါးမြို့တွင်ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၀ ရက်တွင် CNA/CNF အဖွဲ့၏ ဌာနချုပ်ဖြစ်သော ဗစ်တိုးရီးယားစခန်းအား လေယာဉ်ဖြင့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် Hakha Campaign For Justice တွင် ချင်းဘာသာဖြင့် ဟားခါးမြို့ရှိ ဈေးဆိုင်များအား ဇန်နဝါရီ ၁၁ ရက်၌ ဆိုင်ပိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်ထားသဖြင့် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ စည်ပင်ဈေးကြီးမှအပ ဟားခါးမြို့ရှိဈေးဆိုင်များ၊ အိမ်ဆိုင်များအားလုံးဖွင့်လှစ်ခြင်းမရှိဘဲ ဆိုင်ခန်းများပိတ်သည့်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မနေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ချင်းဘာသာစကားနဲ့ ဟားခါးမြို့တွင်းဆိုင်တွေမဖွင့်ကြဘဲ ပိတ်ရမယ်ဆိုတဲ့ ဆိုင်ပိတ်သပိတ်ကြေညာပြီးနောက် ဒီနေ့မနက်ပိုင်းက မြို့မစျေးကလွဲလို့ ကျန်တဲ့ဆိုင်တွေအားလုံးပိတ်ထားကြတယ်။ ဒါပေမဲ့ နေ့လည် ၁ နာရီထိုးခါနီးမှာ မဖွင့်ရင်အရေးယူခံရမယ်လို့ ကားနဲ့လိုက်အော်ပြီးနောက်ပိုင်း အကုန်ပြန်ဖွင့်ကုန်ကြတယ်”ဟု မြို့နေပြည်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါပိတ်ထားသောဆိုင်ခန်းများသည် သက်ဆိုင်ရာအဖွဲ့များမှ မော်တော်ကားဖြင့် လှည့်လည်လှုံ့ဆော်ပြီးနောက်ပိုင်း နေ့လည် ၁ နာရီထိုးတွင် စျေးဆိုင်များ၊အိမ်ဆိုင်များအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဆိုင်ခန်းတွေ ပိတ်ပါလို့ ရေးထားတာကို မပိတ်ပြန်ရင်လည်း ဒလန်ဆိုပြီး မီးရှို့ဖျက်ဆီးခံရမှာ၊ လုပ်ကြံခံရမှာလေ။ အဲဒါကြောက်လို့လည်း ပိတ်ကြတာပါတယ်”ဟု အဆိုပါ ဆိုင်ပိတ်သပိတ်တွင် မတတ်သာ၍ ဆိုင်ပိတ်ရသူတစ်ဦးက ဆိုသည်။