၇. ၁.၂၀၂၅
Written By Zun
လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲ့စည်းထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်ရှိသူက MT News ကို ပြောသည်။
လက်ရှိတစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ၂၀၀၀ မဂ္ဂါဝပ်ခန့်၊ လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကိုအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရေတိုအပြင် ရေရှည်အတွက် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံ၏ အရင်းအမြစ်များဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေကြောင်းလည်း သိရသည်။
“အခုက LNG နဲ့အရေးပေါ် ဖြေရှင်းနိုင်ဖို့ကို ကော်မရှင်တစ်ရပ် ဖွဲ့စည်းလုပ်ဆောင်နေတယ်။ မနှစ်ကဆိုရင် ရွှေလီက ရသေးတယ်။ ဒီနှစ်မှာက ဘာကြောင့်မရတော့တာလဲဆိုတော့ မနှစ်က ၂၀၂၄ ခုနှစ် ဇွန်လက စပြီး ဓာတ်အားမပေးနိုင်တော့တာကြောင့်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
နိုင်ငံ၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်လိုအပ်ချက်လျှပ်စစ်ဓာတ်အားမှာ ပျမ်းမျှ ၄၄၀၀ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
“အခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက အရင်ထက် သုံးပုံတစ်ပုံလောက် လျော့နည်းလာတယ်။ ဒါကြောင့် A,B,C ဆိုပြီး အုပ်စု ၃ စု ခွဲပြီး မီးပေးနေရတယ်။ ပေးချင်တာပေါ့။ဒါပေမဲ့ ထုတ်လုပ်နိုင်မှု မရှိဘူး။ ဥပမာ အရင်က မဂ္ဂါဝပ် နာရီ (MWh) က လိုနေတာ သုံးသောင်းခွဲလောက်ဆိုရင် ရနေတာက ၁၆၃၀၀ လောက်ပဲ ရတော့တာ။ ဒါကြောင့် မီး ပြတ်ချိန်ပိုသွားတာ။ ရှေ့အလားအလာကလည်း ရွှေလီက မဂ္ဂါဝပ် ၃၅၀၊ ရွှေကျင်မဂ္ဂါဝပ် ၇၀ ကျော်၊ ကျောက်ဖြူက ၁၈၀ မဂ္ဂါဝပ်လောက် မဟာဓာတ်အားလိုင်းထဲရောက်ရင် အဆင်ပြေမယ်။ အခုက ကျောက်ဖြူက မသေချာဘူး။ ရွှေလီနဲ့ ရွှေကျင်ကလည်း လုံခြုံရေး အရ မပြောနိုင်သေးဘူး။ ဒါကြောင့် လာမယ့် နွေရာသီ လျှပ်စစ်လိုအပ်ချက်အတွက် LNG ကို ကာလတိုအတွက် လုပ်ဆောင်ဖို့ ကော်မရှင်ဖွဲ့တာ”ဟု ယင်းက ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များကို စွမ်းအား ပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။
သို့သော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကိုဖျက်ဆီးထားသော ကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့် ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက် ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှု မရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိ၍ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိ ခြင်း စသည်တို့ကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်၍ မီးပေးချိန်လျော့ကျခဲ့ရကြောင်း သိရသည်။