◾ အကြမ်းဖက်သူများဖျက်ဆီးခဲ့သည့် ဓာတ်အားလိုင်းများပြင်ဆင်နေစဥ် နိုင်ငံ့ဝန်ထမ်း ၃၀ ဦးသေဆုံးခဲ့ရပြီး ၁၂၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြရ
MT News
၇. ၁. ၂၀၂၅
NUG ၊ PDF ၊ AA ၊ MNDAA နှင့် TNLA တို့ကဲ့သို့သော အကြမ်းဖက်ဖျက်ဆီးသူများက ဓာတ်အားလိုင်း ၁၄ လိုင်းအထိ ဖျက်ဆီးထား၍ လျှပ်စစ်ထုတ်လုပ်နိုင်မှု ၁၀၀၉ မဂ္ဂါဝပ်လျော့နည်းနေသည့်အပြင် သဘာဝဓာတ်ငွေ့ကျဆင်းမှုနှင့် ရာဂီမုန်တိုင်းကြောင့်လည်း ၃၃၁ မဂ္ဂါဝပ်ခန့်မှာ ထုတ်လုပ်နိုင်မှုကျဆင်းနေရကြောင်းနှင့် အဆိုပါဖျက်ဆီးမှူများပြုပြင် ဆောင်ရွက်စဥ် နိုင်ငံ့ဝန်ထမ်း ၃၀ ဦးသေဆုံးခဲ့ရသလို ၁၂၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများ အသိပေးမှုတွင် ဖော်ပြထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် တပ်ဆင်အင်အားအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ ၃၀ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၃၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံ၏ တပ်ဆင် စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၈ ရုံ၏ တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်း ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ တပ်ဆင်စက်အင်အားမှာ ၆၈၇၈ မဂ္ဂါဝပ် အထိရှိပြီး စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ် ဖြန့်ဖြူး နိုင်မည်ဖြစ်သည်။
သို့ရာတွင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက် ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြီး (၁၄) လိုင်းမှာ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ၁၀၀၉ မဂ္ဂါဝပ် အသားတင် လျော့နည်း ထုတ်လုပ်ရလျက်ရှိသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀ ရာခိုင်နှုန်း) ခန့် ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝ ဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း ၂၉၁ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသည်။
ထို့အပြင် မကြာသေးမီကဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် အထက်ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေရသဖြင့် ၁၄၀ မဂ္ဂါဝပ်ခန့်လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု (၁၀၀၉+၂၉၁+၁၄၀) ၁၄၄၀ မဂ္ဂါဝပ်ခန့်မှာလည်း အသား တင်လျော့နည်း ထုတ်လုပ်ရလျက်ရှိသည်။ ထိုသို့ထုတ်လုပ်မှုလျော့နည်းရရှိနေသဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀ ရာခိုင်နှုန်း) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်လျက် ရှိပါသည်။
အထက်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန် တိုင်းဒေသကြီးသို့ (၄၈ ရာခိုင်နှုန်း)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၇ ရာခိုင်နှုန်း)၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၅ ရာခိုင်နှုန်း) အချိုးချ၍ ဓာတ်အားခွဲဝေကာ
◾ ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်၊ ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ်၊ ၄ နာရီပေး ၈ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊
◾ မန္တလေးတိုင်းဒေသကြီးတွင် အုပ်စု ၄ စုခွဲ၍ ၃ နာရီပေး၊ ၉ နာရီပိတ် အလှည့်ကျနှင့် အုပ်စု ၄ စုခွဲ၍ ၄ နာရီပေး၊ ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊
◾ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် အများပြည်သူများအား တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ရာများအား ၁၈ နာရီပေး ၄ နာရီပိတ် အစီ အစဉ် ဖြင့်လည်းကောင်း၊
ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ၆ နာရီ အလှည့်ကျ အစီအစဉ်ဖြင့် လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုဖြစ်စဥ်များတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သောင်းကျန်သူများမှ စုစုပေါင်း (၁၆၂) ကြိမ် ဖျက်စီးခံခဲ့ရသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း (၇၇) တိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း (၃၈ ) တိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅၆) တိုင်၊ စုစုပေါင်း ဓာတ်အားပို့လွှတ်လျက်ရှိသည့် တိုင်ပေါင်း (၁၇၁) တိုင်၊ ဓာတ်အားလိုင်းကြိုးနေရာ (၁၃၁) နေရာအား အကြိမ်ကြိမ် ဖျက်စီးခံခဲ့ရသဖြင့် အကြိမ်ကြိမ်သွားရောက်၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိနေစဉ်အတွင်းတွင်လည်း အကြမ်းဖက်သောင်းကျန်သူများမှ Drop Bomb များနှင့် အကြိမ်ကြိမ် အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မိုင်းထိမှန်ခြင်း ၄၉ ဦး၊ ဒဏ်ရာရ ၇၅ ဦး၊ သေဆုံး ၃၀ ဦးတို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး တာဝါတိုင်နှင့် ကွန်ကရစ်တိုင်ပေါင်း ၁၇၁ တိုင် ပြိုလဲပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ရသည်။ သို့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည်ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။