၆. ၁. ၂၀၂၅
Written by Phyo Wei
လူ ၃ ဦးကိုသတ်ပြီး ယုန်လေးကားအနီးဗုံးခွဲမှုအပြင် ရန်ကုန်တိုင်းအတွင်း မိုင်းထောင်ဖောက်ခွဲမှုတွေကျူးလွန်နေတဲ့ မြို့ပြကြွက် UG PDF အဖွဲ့က PDF အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိတာ၊ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နဲ့ “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းကို သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်နဲ့ ကားတစ်စီးလုယက်မှုကျူးလွန်တဲ့ PDF ၂ ဦးအပါအဝင် တရားခံ ၅ ဦး ဖမ်းမိတာ၊ MNDAA/ TNLA/ KIA နဲ့ PDF ထိန်းချုပ်နယ်မြေတွေကို စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူ ၁၇ ဦး ဖော်ထုတ်ဖမ်းဆီးရမိတာ၊ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ဖိုးလောက်ရွှေထည်တွေ ရွှေစင်ရတနာရွှေဆိုင်ကနေ လုယက်သူအချို့နဲ့ တိုက်ရာပါပစ္စည်းအချို့ ဖမ်းမိတာအပြင် စရဖက ဗိုလ်မှူးမောင်နှမကို လုပ်ကြံမှု၊ 29 ရတနာရွှေဆိုင်ဖောက်ခွဲမှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Together Urban Force PDF အဖွဲ့က တရားခံတွေကို လက်နက်/ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တဲ့ဖြစ်စဥ်အများအပြား ဒီတစ်ပတ်မှာဖြစ်ပွားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း NCA လက်မှတ်ထိုးထားတဲ့ EAO အချို့ကတောင် ကတိကဝတ်တွေ ချိုးဖောက်ခဲ့ပြီး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ အမျိုးမျိုးသောပံ့ပိုးမှုတွေ ပါဝင်နေတာကို သတိချပ်ဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ ဒီတစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့တဲ့ နိုင်ငံသားအကျဥ်းသား ၅၈၆၄ ဦးမှာ ၅၀၅ ပုဒ်မနဲ့ တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါးအပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းပါဝင်လာတာ၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျခံနေသူ ၁၄၄ ဦးကို ထောင် ၁၅ နှစ်အထိ လျှော့ချတာနဲ့ နိုင်ငံခြားသားအကျဥ်းသား ၁၈၀ ကို လွတ်ငြိမ်းခွင့်ပေးတာ၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်ဆိုတဲ့ AA က သူ့ထုတ်ပြန်မှုက လိမ်လည်ဟန်ပြထုတ်ပြန်မှုဆိုတာ သူ့ဘာသာပြန်သက်သေပြပြီး ရခိုင်လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးနေတာ၊ NUG ဩဇာခံ ဒီးမော့ဆို PDF တွေထဲက ခြေပြတ်လက်ပြတ်အင်္ဂါမစုံတော့တဲ့ ၃၈ ဦးကို ထောက်ပံ့ကြေးပေးတာကို အများလှူမှ ကျပ်တစ်သိန်းခွဲခန့်ပဲ ထောက်ပံ့ပေးနိုင်တဲ့ ဖြစ်စဥ်တွေအပြင် KTLA က စောနယ်ဒါးဘိုမြလို KNU/KNLA က ပဒိုစောကွယ်ထူးဝင်း ကလည်း ကော်သူးလေအစိုးရ ဖွဲ့စည်းချင်တယ်လို့ ပြောလာတဲ့ သတင်းဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပုဂံကို ဖျက်ဆီးမယ့် စစ်ရေးကို NUG နဲ့ PDF တွေ စလုပ်တော့မယ်ဆိုတဲ့အခြေအနေတွေ၊ အချင်းချင်းသတ်ဖြတ်လို့ မပြီးသေးတဲ့ ပသုံးလုံးအကြောင်းတွေနဲ့ ၂၀၁၄ ခုနှစ် တုန်းကထက် လူဦးရေလျော့ကျလာတဲ့ သန်းခေါင်စာရင်းအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ပုဂံကို ဖျက်ဆီးမယ့် NUG၊ PDF
အခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နဲ့အညီ စစ်ရေး တိုက်ခိုက်မှုစတင်မယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြိမ်းခြောက်တဲ့ရုပ်သံ ဇန်နဝါရီ ၅ ရက်က ထွက်ပေါ်လာခဲ့သလို ဒီလိုမျိုး PDF တွေရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုးစေတီများစွာပျက်စီးပြီး ခရီးသွားမလာတော့မှာကို ဒေသခံတွေက စိုးရိမ်နေကြတာကို တွေ့ရပါတယ်။ NUG ဩဇာခံ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့နယ်တာဝန်ခံဟာ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမှာ တိုက်ပွဲတွေစတော့မယ်လို့ ပြောလာတဲ့ ဒီခြိမ်းခြောက်မှုမှာဆိုရင် ပုဂံဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှေစ်ဒေသဖြစ်လို့ တိုက်ပွဲတွေ ဖော်ဆောင်လို့မရဘူးဆိုတာ မဟုတ်ဘဲ NUG ရဲ့ လမ်းညွှန်ချက်နဲ့ စစ်ရေးဖော်ဆောင်မယ်လို့ပြောသလို ဘုရားပုထိုးစေတီတွေ မထိခိုက်အောင် တိုက်ပွဲဖော်ဆောင်မယ်လို့ ပြောတဲ့အပြင် ဘုရားပုထိုးတွေထိခိုက်ရင် တပ်မတော်အပြစ်လို့ပါ တစ်ခါတည်းလွှဲချပြောလာတာလည်း မြင်ရပါသေးတယ်။
“ကမ္ဘာ့အမွေအနှစ်ဒေသမှာ ညောင်ဦး PDF တွေက တိုက်ပွဲဖော်ဆောင်မယ်ဆိုတာကတော့ လက်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံက မြို့တွေအများကြီးလည်း တိုက်ပွဲတွေအတွင်းမှာ ပျက်စီးပြီးသွားပြီ။ မြန်မာနိုင်ငံမှာမြို့နယ် ၃၃၀ နဲ့ မြို့ပေါင်း ၇၀၀ ကျော် ၈၀၀ မှာ တခြား မြို့တွေတောင် မသိမ်းနိုင်သေးဘဲနဲ့ ပုဂံလိုအမွေအနှစ်ဒေသကို တိုက်ပွဲဖော်မယ်ဆိုတာက ဖျက်ဆီးဖို့ကြံတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်ရင် ဘုရားပုထိုးက ထိခိုက်ပျက်စီးမှာပဲ။ PDF ပစ်တဲ့ကျည်တွေ ဗုံးတွေက ဘုရားပုထိုးဆိုပြီးရှောင်မှာမဟုတ်သလို မတိုက်ရသေးဘူး တပ်ကပစ်တာတွေကပဲ ဘုရားပုထိုးကိုထိမယ်ဆိုတာကတော့ သူတို့ရဲ့ဆင်ခြင်တွေးခေါ်နိုင်စွမ်း အရမ်းနိမ့်ကျနေတာ သိသာတယ်။ ဒီလို အဆင်အခြင်မဲ့အတွေးအခေါ်တွေနဲ့ တိုက်ပွဲဖော်ရင်တော့ ပုဂံအမွေအနှစ်ဒေသက ဘုရားပုထိုးအကုန်ပြိုပျက်တာပဲ အဖတ်တင်တော့မယ်။ ဒေသခံတစ်ယောက်အနေနဲ့ရော ပုဂံချစ်သူတစ်ယောက်အနေနဲ့ရော ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်ဒေသကို အထိအခိုက် အပျက်အစီးမခံနိုင်သူတစ်ယောက်အနေနဲ့ပါ NUG နဲ့ PDF တွေရဲ့ ဒီလို တိုက်ပွဲဖော်မယ်ဆိုတဲ့လုပ်ရပ်ကို ကန့်ကွက်ပါတယ်”လို့ ညောင်ဦးအခြေစိုက် လူမှုပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က MT News ဆက်သွယ်မေးမြန်းမှုအပေါ် သူ့ကန့်ကွက်ချက်အမြင်ကို ပြောပါတယ်။
ညောင်ဦးပကဖဟာ ပုဂံဒေသမှာ အကောင်အထည် ဖော်မယ့် ဒီတိုက်ပွဲတွေကို ဘုရားပုထိုးစေတီတွေ မထိခိုက်အောင်လုပ်ဆောင်မယ်ဆိုပေမဲ့ ဒီလို စနစ်တကျလုပ်ဆောင်နိုင်တဲ့ အသိဉာဏ်မရှိကြောင်းကိုလည်း ၂၀၂၁ ခုနှစ်အတွင်းက ပြသခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက ပုဂံညောင်ဦးဒေသက PDF တွေဟာ မိုင်းတွေ၊ လက်နက်တွေ၊ ဗုံးတွေစမ်းသပ်ရာမှာ ပုဂံရှေးဟောင်းဘုရားတစ်ဆူရဲ့ နံရံကို လက်လုပ်ဗုံးတွေနဲ့ပစ်ပေါက်လေ့ကျင့်နေတာကို တစ်ကမ္ဘာလုံးက မြင်လိုက်ရပြီး ဒီလို အသိဉာဏ်မဲ့လုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချတာကြောင့် ပုဂံညောင်ဦးဒေသအတွင်း တိုက်ပွဲဖော်ဆောင်မှု ရပ်သွားပေမဲ့ အခုတော့ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်ရေး ကြိုးစားဖို့ပြင်လာပြန်တာပါ။ ပုဂံလို ကမ္ဘာ့အမွေအနှစ်ဒေသဟာ ဒုတိယကမ္ဘာစစ်နဲ့ မြန်မာနိုင်ငံက အင်္ဂလိပ်နဲ့ဂျပန်ကို တိုက်ထုတ်နေရတဲ့ကာလမှာတောင် စစ်တလင်းမဖြစ်ခဲ့ပေမဲ့ အခု NUG နဲ့ PDF ကတော့ ပုဂံကို စစ်တလင်းဖြစ်ဖို့ကြံဆောင်နေတဲ့ပုံစံမြင်လာရပြီး ဒီလိုမျိုးသူတို့စလုပ်မယ့် ကြံဆောင်မှုကိုလည်း သူတို့မှာ အပြစ်မရှိပါဘူးလို့ တစ်ဖက်ကို ကြိုတင်အပုပ်ချထားတာကလည်း မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပုဂံဒေသခံတစ်ဦးကလည်း ဝေဖန်တဲ့အပြင် ဒုတိယကမ္ဘာစစ်မှာတောင်မှ ရှေးဟောင်းအဆောက်အအုံတွေ ဘုရားပုထိုးတွေရှိနေတဲ့နေရာကို ဦးမတည်ဘဲ ပုဂံကိုရှောင်ခဲ့တာကို မြန်မာတွေ လက်နက်ကိုင်မှ ဖြိုဖျက်ချင်၊ စစ်တလင်းလုပ်ချင်နေတာက ဘာကြောင့်လဲဆိုတာကိုလည်း ပုဂံဒေသခံတွေက သိလိုနေကြပါသေးတယ်။
ပုဂံညောင်ဦးဒေသဟာ ခရီးသွားကို မှီတည်အသက်ရှင်သူ အများအပြားရှိရာနေရာဖြစ်ပြီး ကိုဗစ်ကာလ ခရီးသွားမလာခင်အချိန်မှာ ရှိသမျှအကုန်ပေါင်နှံရောင်းချစားသောက်ကြရသလို ကိုဗစ်ကာလပြီးလို့ ခရီးသွားဝင်စမှာလည်း PDF တွေရဲ့ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီးစတဲ့ ပုဂံဝင်ထွက်ရာလမ်းပိုင်းနဲ့ အနီးတစ်ဝိုက်မြို့တွေမှာ မိုင်းခွဲသတ်ဖြတ်မှုဖြစ်တိုင်း ခရီးသွားကျဆင်းတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ခရီးသွားလတွေမှာ လည်ပတ်စရာမရှိတဲ့ မြန်မာပြည်သူတွေ ပုဂံဒေသကို သိန်းနဲ့ချီခရီးသွားခဲ့လို့ ဒေသခံတွေ အူစိုခဲ့ကြပေမဲ့ အခု ညောင်ဦးပကဖက ပုဂံဒေသခံတွေရဲ့ ထမင်းလုတ်ကိုအဆင်အခြင်မဲ့ဖော်ဆောင်လာတော့မယ့်စစ်ပွဲနဲ့ ပုတ်ချဖျက်ဆီးဖို့လုပ်လာတာကြောင့် ခရီးသွားဝင်မလာတဲ့ ကိုဗစ်ကာလလို တစ်ကျော့ပြန်ကျပ်တည်းမှာ ပုဂံဒေသခံတွေ ပူပန်နေကြရပြီဖြစ်ပါတယ်။ သေချာတာကတော့ ပုဂံမှာ NUG နဲ့ PDF တွေ စစ်ပွဲဖော်ဆောင်တာနဲ့တစ်ပြိုင်နက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပြီဆိုတာနဲ့ ယိနဲ့နဲ့ပဲရှိတဲ့ နှစ်ပေါင်းထောင်ချီ ဘုရားစေတီတွေဟာ အကုန်ပြိုပျက်ကုန်မှာ မလွဲဧကန်ပါ။ တစ်ခါ ညောင်ဦးပကဖပြောသလို ဘယ်လိုပဲ စနစ်တကျစစ်ရေးဖော်ဆောင်မယ်ပြောပြော သူတို့က ဘုရားစေတီကြားတိုက်ပွဲဖော်တာနဲ့ ရှေးဟောင်းဘုရားစေတီတွေဟာ နှစ်ဖက် ပစ်ခတ်တဲ့ကျည်တွေ၊ ဗုံးတွေ မလွဲမသွေထိမှန်ပျက်စီးမှာလည်း မြေကြီးလက်ခတ် မလွဲပါ။ ထပ်ဆင့်ပို သေချာတာကတော့ NUG နဲ့ PDF တွေ ပုဂံမြေမှာ စစ်ရေးစတာနဲ့ ဘုရားစေတီရာချီပျက်ယွင်းသွားနိုင်သလို ပုဂံဒေသခံတွေအဖို့လည်း ခရီးသွားမဝင်တော့တာနဲ့ ငတ်မွတ်ခေါင်းပါးခြင်းကို ထပ်တူညီခံစားရတော့မှာမို့ ကိုဗစ်ကာလလို အကျပ်အတည်းမကြုံချင်ရင် NUG နဲ့ PDF တို့ ပုဂံဖျက်ဖို့ပြင်ဆင်တာကို ကန့်ကွက်ရုံမှတစ်ပါး အခြားမရှိပါကြောင်း သုံးသပ်ပါရစေ။
◾ အချင်းချင်းသတ်ဖြတ်လို့မပြီးသေးတဲ့ ပသုံးလုံး
PDF ထိန်းချုပ်နယ်မြေမှာ NUG ရဲ့ ကောလင်းသယံဇာတကော်မတီအတွင်းရေးမှူး ကိုအရိန္ဒမာဆိုသူရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှု ထပ်ဖြစ်ပွားလာပြန်ပြီး NUG ရဲ့ ပသုံးလုံးနဲ့ အဆင်မပြေလို့ အပျောက်ရှင်းခံရမှု ၈ ဦးထက်မနည်းရှိလာပေမဲ့ တစ်ဦးမှ တရားခံမပေါ်ခဲ့ပါဘူး။ ကိုအရိန္ဒမာ အသတ်ခံရတဲ့ ဖြစ်စဥ်က ဇန်နဝါရီ ၂ ရက် နေ့လယ်မှာ ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးက ဆိုင်ကယ်မှောက်လို့ သေဆုံးတယ်လို့ သတင်းလွှင့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ဦးခေါင်းကို ကျည်နဲ့တေ့အပစ်ခံရလို့ သေဆုံးခဲ့တာပါ။ ကိုအရိန္ဒမာဟာ အရင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးအရာရှိဘဝကနေ NUG ကို ကိုးစားပြီး CDM လုပ်ကာ ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး သူ့ရဲ့ စာအုပ်ကြီးဆန်မှုဟာ သစ်ခိုးထုတ်မှု၊ သစ်မှောင်ခိုမှု၊ ရွှေမှောင်ခိုတူး၊ မူးယစ်ဆေးမှုတွေနဲ့ နာမည်ပျက်နေတဲ့ ကောလင်းပကဖအပါအဝင် မှောင်ခိုမှုတွေများပြားတဲ့ စစ်ကိုင်းတိုင်းက ပသုံးလုံးတွေအတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတာကြောင့် ရှင်းလင်းခံရတာလို့ ယူဆကြပြီး CDM အလုပ်ကောင်းတဲ့သူ့ကို သူယုံသူတွေက အသက်ယူပြီး လူဘုံအပြင်ကန်ထုတ်ခြင်းနဲ့ ဆုချီးမြှင့်လိုက်တာပါ။ ကိုအရိန္ဒမာအသတ်ခံရတဲ့ နေရာဟာ ရွှေတွင်းရွာနဲ့ ရှမ်းကလုံးရွာကြားဖြစ်တဲ့အပြင် လူပြတ်လပ်ရာမဟုတ်ဘဲ ရွှေတွင်းရွာနဲ့ နှစ်ဖာလုံသာကွာပြီး PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ နေရာဖြစ်တာ၊ ဆိုင်ကယ်ပေါ်မှာ ပုံမပျက် ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ထားတာတွေကြောင့် သတ်ဖြတ်သူတွေဟာ ကိုအရိန္ဒမာသိတဲ့ အာဏာရူးနေတဲ့ ပသုံးလုံးတွေဖြစ်မယ်လို့လည်း ခန့်မှန်းနေတာပါ။
PDF ကြီးစိုးထိန်းချုပ်ထားရာနေရာတွေမှာ တရားခံမပေါ်ဘဲ အပျောက်ရှင်းခံရတဲ့ ဖြစ်စဉ်တွေလည်း များသထက်များလာသလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း ကိုအရိန္ဒမာလို့ CDM လုပ်လာတဲ့ စာအုပ်ကြီးသမား ကျောင်းဆရာဦးဝင်းဌေးမိသားစုကို သုံးလသမီးပါမချန် မိသားစုလိုက်ကို အင်မတန်ရုပ်ဆိုးလှတဲ့ဖြစ်စဉ်အဖြစ် ရက်စက်စွာလည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ သုံးလသမီးပါမချန် မိသားစုလိုက်ကို လည်လှီးသတ်တဲ့ သုံးလောင်းပြိုင်လူသတ်မှုက ကနီမြို့နယ် တပုန်းရွာမှာဖြစ်ပြီး အသတ်ခံရသူက နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာဘ၀ကနေ CDM လုပ်ပြီး NUG ကနီမြို့နယ်ပညာရေးတာဝန်ခံလုပ်နေတဲ့ ကျောင်း ဆရာ ဦးဝင်းဌေး၊ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာတို့ မိသားစုကို သတ်ဖြတ်လိုက်တာပါ။ ဦးဝင်းဌေးဟာလည်း ပသုံးလုံးတွေရဲ့ သစ်မှောင်ခိုမှုတွေအပါအဝင် ဒုစရိုက်မှုတွေကို NUG ဆီ အားကိုးတကြီးတိုင်လိုက်တာကြောင့် မိသားစုအသက်ပါ စတေးလိုက်ရတော့တာပါ။
ကျောင်းဆရာဦးဝင်းဌေးမိသားစုလိုပဲ PDF ထိန်းချုပ်ထားရာနယ်မြေထဲမှာပဲ PDF တွေ သာသနာ့နယ်မြေမှာ သောက်စားတာကို ကြိမ်းမောင်းမိတဲ့ ရေဦးမြိုနယ်၊ အုန္နဲပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၄ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒကသီရိကို မျက်နှာဖုံးစွပ်ထားသူတွေက အောက်တိုဘာ ၃၁ ရက်မှာ ကျည်တစ်ဘောက်လုံးကုန်အောင် ပစ် သတ်သွားကြပါတယ်။ ဒါပေမဲ့ အငြိုးနဲ့သတ်ရုံကလွဲပြီး ကားတွေ၊ ပစ္စည်းတွေ ယူမသွားတာ၊ ဖြစ်စဉ်ဖြစ်ရာက PDF တွေချည်းရှိနေတဲ့နေရာဖြစ်နေတာ၊ လူမမှတ်မိအောင် မျက်နှာဖုံးစွပ်ထားတာကြောင့် ဒီဖြစ်စဉ်ကိုလည်း PDF တွေကျုးလွန်တယ်လို့ ယူဆနေကြတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ ပသုံးလုံး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရတာ၊ မေလ ၂၃ ရက်မှာလည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်ရဲ့ အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရတာ၊ ဩဂုတ်လ ၂၇ ရက်ကလည်း PDF ထိန်းချုပ်ရာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးတာပါ။ ဒီဖြစ်စဥ်အားလုံးလိုလိုဟာ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေ ကျုးလွန်တဲ့ အခြေအနေတွေဖြစ်နေသလို တရားခံတွေ ဖော်ထုတ်ပေးဖို့ NUG ကို ပြည်သူတွေက ဆန္ဒပြတောင်းဆိုမှုတွေရှိပေမဲ့လည်း ဒီနေ့အထိ တရားခံပေါ်ပေါက်မှုမရှိပါဘူး။ ဒါ့အပြင် ဒီရှစ်ဦးအသတ်ခံရတဲ့နယ်မြေက ပသုံးလုံးတွေဟာ သူတို့ထိန်းချုပ်ရာနယ်မြေမှာ အသတ်ခံရတဲ့ဒီလူတွေအတွက် တရားခံဖော်ထုတ်ပေးဖို့ဝေးစွ အသိအမှတ်ပြုစာတောင်မထုတ်ဘဲ အဖိုးမတန်တဲ့လူ့အမှိုက်တွေ ရှင်းထုတ်လိုက်သလိုမျိုးကို သူတို့ ဆိတ်ငြိမ်သွားတာပါ။ အသတ်ခံရသူတွေရဲ့ မိသားစုနဲ့ ပြည်သူက တရားခံဖော်ထုတ်ကြဖို့ ဘယ်လောက်ဆန္ဒပြပြ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကိုမထင်ဘဲ မသိကျိုးကျွံပြုထားတာကိုမြင်ရတာကလည်း ဒီလူတွေကို ပသုံးလုံးသတ်တာဆိုတဲ့ ဝေဖန်သံတွေကို မှန်တယ်လို့ အတည်ပြုပေးနေတဲ့ပုံစံဖြစ်စေခဲ့သလို NUG နဲ့ PDF ကို ယုံစားပြီး CDM လုပ်မိသူတွေဟာ ဘဝပျက်မှုဆုလာဘ်အပြင် အသက်ပါ အပိုဆုအဖြစ် ဆက်သအပ်နှင်းနေရတဲ့အသွင်ဖြစ်လာနေတာကို မြင်လာနေရပြီဖြစ်ပါကြောင်း သုံးသပ်လိုက်ပါရစေ။
◾ လူဦးရေလျော့ကျလာတဲ့ သန်းခေါင်စာရင်း
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းရဲ့ လူဦးရေစာရင်းကို ကနဦးထုတ်ပြန်ပေးရာမှာ စုစုပေါင်း မြို့နယ် ၃၃၀ ရှိတဲ့အထဲက ၁၄၅ မြို့နယ်ကို ရာခိုင်နှုန်းပြည့် ကောက်ခံနိုင်ခဲ့ပြီး တစ်စိတ်တစ်ဒေသ စာရင်းကောက်ခံနိုင်မှု ၁၂၇ မြို့နယ်၊ လုံခြုံရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် မြို့နယ်ပေါင်း ၅၈ မြို့နယ် (စုစုပေါင်းမြို့နယ်ရဲ့ ခြောက်ပုံတစ်ပုံ) ကို လုံးဝမကောက်ခံနိုင်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ဒီ ၅၈ မြို့နယ်အတွက် ဂြိုလ်တု Remote Sensing နောက်ဆုံးပေါ်နည်းပညာတွေနဲ့ တွက်ချက်ပြီး ခန့်မှန်းထုတ်ပြန်ရာမှာ ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁,၃၁၆,၇၅၆ (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ပြီး အမျိုးသားဦးရေ ၁၅ ဒသမ ၁ သန်းကျော်နဲ့ အမျိုးသမီးဦးရေ ၁၇ သန်းကျော်ရှိလို့ အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ ၂၀၁၄ သန်းခေါင်စာရင်းလူဦးရေက ၅၁ ဒသမ ၅ သန်းဖြစ်လို့ ၂၀၂၄ သန်းခေါင်စာရင်းလူဦးရေဟာ သုည ဒသမ ၂ သန်း လျော့ကျလာတာကိုလည်း တွေ့ရပါသေးတယ်။
ဒါ့အပြင် ၂၀၂၄ သန်းခေါင်စာရင်းမကောက်ယူမီက ၂၀၁၄ သန်းခေါင်စာရင်းပေါ်မူတည်ထားတဲ့ လူဦးရေခန့်မှန်းစာရင်းက ၅၅ ဒသမ ၈ သန်းကျော်ရှိနေတာပါ။ ၂၀၂၄ သန်းခေါင်စာရင်းမှာတော့ ခန့်မှန်းလူဦးရေထက် ၄ သန်းခွဲလောက်လျော့ကျတာကိုလည်း မြင်ရပါသေးတယ်။ ဒါပေမဲ့လည်း ဒီလူဦးရေဘာကြောင့် လျော့ကျလဲဆိုရင် အားလုံးသိတဲ့အတိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ စစ်ပွဲတွေကြောင့် မြို့နယ် ၉၀ ကျော် ၁၀၀ နီးပါးက ပြည်သူတွေ ကစဥ့်ကလျားထွက်ပြေးကုန်တာ၊ NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ဘင်္ဂါလီ ARSA အကျပ်အတည်းကနေ AA ရဲ့ ဘူးသီးတောင်၊ မောင်တောသိမ်းပွဲမှာ ဘင်္ဂါလီတွေကို အပြတ်ရှင်းထုတ်လိုက်တာ၊ ပြည်ပကို တရားမဝင်သွားပြီးအလုပ်လုပ်ကြတာနဲ့ PDF အဖွဲ့တွေ၊ EAOs အဖွဲ့တွေထဲ ဝင်ပြီး ပျောက်တာလိုလို သေတာလိုလို သတင်းလွှင့်ကြတာ၊ သန်းခေါင်စာရင်းကို အကြောက်လွန်ပြီး စာရင်းမပေးတာ စတာတွေနဲ့ ချိန်ထိုးမယ်ဆိုရင် ၂၀၂၄ သန်းခေါင်စာရင်းလူဦးရေက ၂၀၁၄ ထက် လျော့နည်းနေတယ်ဆိုတာက ပကတိအမှန်တရားဖြစ်ပြီး လူဦးရေစာရင်းကောက်ခံမှုမှာ မသမာမှု မလုပ်ခဲ့ဘဲ မြေပြင်ပကတိအမှန်တရားကို ကောက်ခံ လုပ်ကိုင်ခဲ့တယ်ဆိုတာ အနီးစပ်ဆုံး ခန့်မှန်း တွေ့မြင်ရမှာပါ။
အခြားသောတစ်ဖက်မှာတော့ ဒီ သန်းခေါင်စာရင်းက ပြောတဲ့ ပကတိအရှိတရားဟာ ရွေးကောက်ပွဲလုပ်နိုင်မယ့် အမှန်တရားကိုလည်း ပြသနေပြီး ရာနှုန်းပြည့်သန်းခေါင်စာရင်းကောက်ခံနိုင်တဲ့ ၁၄၅ မြို့နယ်ဟာ ရွေးကောက်ပွဲမုချမသွေလုပ်နိုင်မယ့်ဒေသ၊ တစ်စိတ် တစ်ဒေသ စာရင်းကောက်ခံနိုင်မှု ၁၂၇ မြို့နယ်ဟာလည်း နယ်မြေရှင်းလင်းမယ်ဆို တစ်စိတ်တစ်ဒေသတင်မက အလုံးစုံ ရွေးကောက်ပွဲလုပ်နိုင်မယ့်ဒေသတွေလို့ မြင်ရမှာဖြစ်လို့ မြို့နယ် ၃၃၀ မှာ မြို့နယ် ၂၅၀ ပတ်လည်လောက် ရွေးကောက်ပွဲလုပ်နိုင်ရင်ကို ပြည်ထောင်စုလွှတ်တော် လှလှပပ စတင်လို့ရသလို တပ်ကိုယ်စားလှယ်နဲ့ပေါင်းရင် အမတ် ၅၀၀ နီးပါးနဲ့ လွှတ်တော်စမှာဖြစ်လို့ ဂုဏ်ငယ်စရာမရှိတဲ့အခြေအနေပါ။ တက်ကျိုးရင် လက်ထိုးလှော်တတ်တဲ့ မြန်မာနိုင်ငံမှာ ဖဆပလခေတ်ကလည်း ရွေးကောက်ပွဲလုပ်ရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ မှာ “ဤအခြေခံဥပဒေအရ ကျင်းပသော ပထမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်”လို့ ဖော်ပြပါရှိပေမဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့ကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ ကျင်းပခဲ့ရတာပါ။ ၂၀၁၀ ဒီမိုကရေစီခေတ်အပြောင်းအလဲ ရွေးကောက်ပွဲတွေကစ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေရှိခဲ့တာ၊ အပိုင်းလိုက်ကျင်းပခဲ့တာ ထုံးစံဖြစ်လို့ ရွေးကောက်ပွဲပြီးတာနဲ့ သန်းခေါင်စာရင်းတောင် မကောက်နိုင်ခဲ့တဲ့ ၅၈ မြို့နယ်ကို တစ်မြို့နယ်ရှင်းလိုက် ရွေးကောက်ပွဲလုပ်လိုက်နဲ့ ခရီးဆက်ကြမယ်ဆို မကြာခင်တစ်နှစ်အတွင်း အိမ်နီးချင်းနိုင်ငံအားလုံးနှစ်လိုပြီး ကမ္ဘာကလက်ခံတဲ့ ဒီမိုကရေစီအစိုးရနဲ့ လွှတ်တော် တစ်ကျော့ပြန်ပေါ်ပေါက်လာဦးမှာ မလွဲဧကန်ပါလို့ ထင်မြင်ယူဆမိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။