၆.၁.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြော သည်။
ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ယနေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ်၊ ဗားကရာမီးပွိုင့်နှင့် ပေတစ်ရာခန့်အကွာ၊ အလုံမြို့နယ်ဘက်သို့ သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့် ဘေးလွယ်အိတ်အသေးတစ်လုံး လွယ်ထားသည့် အသက် ၅၀ နှစ်ခန့် အမျိုးသားတစ်ဦးကို နဖူးတည့်တည့်၌ ကျည်ထိဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ဘေးလွယ်အိတ်အသေးအတွင်းမှ ဦးအောင်ရှိန်အမည်ပါ Aya ဘဏ်စာအုပ်တွေ့ရသဖြင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်ဒေသတွင်နေထိုင်သူဖြစ်ကြောင်း ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
“အခုက သေမှုသေခင်းနဲ့ စုံစမ်းနေဆဲပါ။ သေဆုံးသူဟာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာကို စုံစမ်းနေတာပေါ့။ PDF က ပစ်လို့ သေတာလားဆိုတာကိုလည်း စုံစမ်းနေပါတယ်။ သူ့မိသားစုက ဘယ်မှာနေတယ် ဆိုတာလည်း မသိရသေးဘူး။ လုံခြုံရေးအဖွဲ့ကတော့ လူသတ်သမားကိုရှာဖွေနေတယ်”ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောပြသည်။