၆. ၁. ၂၀၂၅
Written by Phyo Wei
ရေကြောင်းကုန်သွယ်မှုကို အားပြုရတော့မယ့် နိုင်ငံ့အခြေအနေအရ ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်တဲ့ ကုန်တင်ရေယာဉ်၊ ကွန်တိန်နာရေယာဉ်တွေ ပိုမိုတည်ဆောက်ပြီး ရေကြောင်းပိုဆောင်ရေးကဏ္ဍကို မြှင့်တင်ဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ ရက်သတ္တပတ်မှာပဲ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး အထောက်အကူပြုနိုင်ဖို့ ဆိပ်ကမ်းတံတားအသစ်တွေနဲ့ အမိုးအကာပါ ကွန်ဗေယာစနစ်တွေ တိုးချဲ့တည်ဆောက်ရေးအတွက် ဒေါ်လာ ၆၁ သန်းတန်ဖိုးရှိ MoU လေးခု လက်မှတ်ရေးထိုးလိုက်တာကိုလည်း တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း MNDAA/ TNLA/ KIA နဲ့ PDF ထိန်းချုပ်နယ်မြေတွေကို စက်သုံးဆီတွေ တရားမဝင် သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူ ၁၇ ဦးကို ဖော်ထုတ်ဖမ်းဆီးလိုက်တာ၊ မြန်မာလုပ်သားတွေ အများဆုံးသွားရောက်လုပ်ကိုင်ရာ ကိုရီယားနိုင်ငံမှာ အခြေခံလုပ်ခလစာ အရင်နှစ်ကထက် တစ်နာရီကို ဝမ် ၁၇၀ တိုးမြှင့်သွားပြီး တစ်ရက်လုပ်ခလစာ ဝမ် ၁၀၀၃၀ ဖြစ်လာတာနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ရောက်ခဲ့ရာမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍကို ဝင်ရောက်မှုက ၈၈ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ K Pay က ငွေလိမ်ခံရသူ ၃၁ ဦးအထိရှိခဲ့ပြီး သုံးစွဲသူတွေအကြား ဂယက်ရိုက်သွားတဲ့ဖြစ်စဉ်တွေ၊ ငွေလဲလှယ်နှုန်းတည်ငြိမ်လာတာကြောင့် ကုန်ထုတ်လုပ်မှုတိုးတက်လာတဲ့အခြေအနေတွေ၊ မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူမှုမှာ ထိုင်းနိုင်ငံဘဏ်တွေ ဆက်စပ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂစွပ်စွဲချက်တွေက သက်သေအထောက်အထားမရှိဘူးလို့ ထိုင်းအစိုးရပြောကြားလာတဲ့ဖြစ်စဉ်တွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ K Pay လိမ်လည်ခံရမှုဂယက်
နှစ်သစ်ကူးရက်ပိုင်းအတွင်း အလှုပ်ခတ်ဆုံးဖြစ်ခဲ့တာက K Pay ကနေ ငွေအလိမ်ခံရတဲ့ဖြစ်စဉ်တွေပါ။ ဒီဖြစ်စဉ်တွေမှာဆိုရင် လူဦးရေဆယ်နဲ့ချီတဲ့သုံးစွဲသူတွေက သူတို့ရဲ့ K Pay ဟာ OTP မကျ၊ ဘယ်လိုလင့်ခ်ကိုမှ မဝင်မိဘဲ ငွေထုတ်ယူခံခဲ့ရတာပါ။ ဒါ့အပြင် KBZ Pay နဲ့ ချိတ်ထားတဲ့ KBZ Mobile Banking ဘဏ်အကောင့်တွေကနေပါ K Pay ကို လွှဲပြောင်းပြီး အခြားအကောင့်တွေဆီ ငွေလွှဲတာ၊ iTune Card တွေလို လက်ဆောင်တွေ၊ ဘေလ်တွေ ဝယ်ယူပေးဆောင်တာ စသလို ခိုးယူကြတာ ကြုံလိုက်ကြရတာပါ။ ဒီလိုမျိုး အကောင့်ပိုင်ရှင်ဆီ OTP ကျမလာ၊ ဘယ်လင့်ခ်မှ မဝင်မိဘဲ ခိုးယူခံရမှုမှာ ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ လူမှုကွန်ရက်မှာ သုံးသပ်ကြအပြီးမှာတော့ K Pay က ဒီလို အလိမ်ခံရတာ ၃၁ ဦးရှိကြောင်းနဲ့ ငွေတွေ ပြန်ထည့်ပေးနေသလို လိမ်လည်ခံရမှုဖြစ်စဉ်က အော်ရီဒူးလို ဆင်းမ်ကတ်အော်ပရေတာကလည်း ပေါက်တယ်လို့ လူမှုကွန်ရက်မှာဝေဖန်တာကြောင့် အော်ပရေတာတချို့ရဲ့ ဖုန်းဟန်းဆက်ပြောင်းလဲမှု(Device Change) ကို ပါ ခေတ္တရပ်တန့် ဖြေရှင်းခဲ့ရတာပါ။
ဒီနေရာမှာ ကမ္ဘာကျော်အမေရိကန်ဘဏ်ကြီးတွေတောင် Hacker တွေရဲ့ ဒဏ်ကို ခံနေကြရတာမို့ မြန်မာနိုင်ငံက Pay တွေလို အရင်တုန်းက တာဝန်ယူ၊ တာဝန်ခံစရာမလိုဘဲ ဘော်လီဘောပုတ်လို့ရနေလို့ လုံခြုံရေးစနစ်အဆင့်မြှင့်တင်မှု သိပ်မလုပ်တဲ့ Pay တွေက အလိမ်ခံရတာမျိုးက မဆန်းဘူးလို့ ပြောရမှာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ KBZ Pay ကတော့ ပထမဆုံးအကြိမ် တာဝန်ယူ၊ တာဝန်ခံမှုပြသလိုက်တာမြင်ရပြီး အကောင့် ၃၁ ခုကို ငွေပြန်ထည့်ပေးခဲ့တာ တွေ့ရတာပါ။ ဒီအကောင့် ၃၁ ခု လိမ်လည်ခံရမှု ဆက်လက်ဖော်ထုတ်တဲ့လုပ်ငန်းစဉ်မထုတ်ပြန်ပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ လိမ်လည်ခံရတာက ကျပ်သိန်း ရာချီရှိမယ်လို့ ခန့်မှန်းရပြီး ဒီဖြစ်စဉ်က အခြားသော ဘဏ်တွေ၊ Pay တွေအဖို့လည်း နမူနာယူစရာဖြစ်လာတာပါ။ မြန်မာနိုင်ငံမှာ Mobile Banking တွေ Pay တွေထဲ အအောင်မြင်ဆုံးနဲ့ လူသုံးအများဆုံး K Pay ဟာ လုံခြုံရေးကျိုးပေါက်သမျှကို တာဝန်ယူ အိတ်စိုက်လိုက်ရတာပါ။ အခြားသော Mobile Banking တွေ Pay တွေဟာလည်း နောက်ပိုင်းမှာ ဒီလိုမျိုး တာဝန်ယူ၊ တာဝန်ခံမှုပြရတော့မှာဖြစ်သလို ပြည်သူတွေကလည်း လုံခြုံမှုမြင့်တဲ့ Mobile Banking တွေ Pay တွေကိုပဲ ပြောင်းလဲသုံးစွဲကြတော့မှာမို့လို့ ဘဏ်တွေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအဖို့လည်း ကိုယ့် Mobile Banking တွေ Pay တွေ အောင်မြင်ချင်တယ်ဆို လုံခြုံရေးအဆင့်မပြတ်မြှင့်တင်ဖို့နဲ့ ပြည်သူ့ဆုံးရှုံးမှု တာဝန်ယူ၊ တာဝန်ခံပေးရမှာဖြစ်သလို ဗဟိုဘဏ်အနေနဲ့ကလည်း Cashless System၊ Cashless Society ကို တကယ်အောင်မြင်ချင်တယ်ဆိုရင် ပြည်သူကယုံကြည်စွာအပ်နှံထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ ဆုံးရှုံးတိုင်း အပ်နှံခံ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းက တာဝန်ယူ၊ တာဝန်ခံမှုနဲ့ ချက်ချင်းစိုက်ထုတ်ဖြေရှင်းပေးဖို့ လမ်းညွှန်ချက် စနစ်တကျထုတ်ပြန်ပေးဖို့ လိုအပ်မှာပါ။ ဘဏ်တွေ ငွေကြေးအဖွဲ့အစည်းတွေအဖို့ ဒီလိုမစိုက်ထုတ်ချင်ကြရင် Mobile Banking တွေ Pay တွေရဲ့ လုံခြုံရေးစနစ် အမြဲမပြတ်အဆင့်မြှင့်တင်ဖို့ သတိပေးလမ်းညွှန်တာလုပ်ပြီး အသုံးပြုသူပြည်သူတွေက Mobile Banking တွေ Pay တွေကို ယုံကြည်မှုမြင့်တက်လာအောင် လမ်းညွှန်လုပ်ဆောင်ပေးဖို့လိုအပ်မှာပါလို့ ဆိုပါရစေ။
◾ ဒေါ်လာစျေးတည်ငြိမ်မှုက ရလာတဲ့တိုးတက်မှု
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကစပြီး တစ်ဒေါ်လာ ကျပ် ၈၀၀၀ ကျော်အထိ အမြင့်ဆုံးမြင့်တက်ခဲ့တဲ့ ဒေါ်လာစျေးကို အခု ဇန်နဝါရီလအထိ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တာကြောင့် ငါးလဆက်တိုက် ကျဆင်းခဲ့တဲ့ မြန်မာကုန်ထုတ်လုပ်မှုဟာ ဒီဇင်ဘာလမှာ ပြန်တိုးတက်လာခဲ့ပြီး ခြောက်လအတွင်း PMI အညွှန်းကိန်း ၅၀ အထက်ကို ပထမဆုံးရောက်ရှိလာတယ်လို့ ဂျပန်နိုင်ငံက S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းက အစီရင်ခံလာတာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်မှုအတွက် ဈေးနှုန်းဖိအားတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပိုမိုသက်သာလာခဲ့ပြီး ဝယ်ဈေးနဲ့ ထုတ်လုပ်မှုအဖိုးအခ ဖောင်းပွမှုနှုန်းတွေဟာ ၂၄ လအတွင်းနဲ့ ၁၃ လအတွင်း အနည်းဆုံးအဖြစ် အသီးသီးမှတ်ဝင်ခဲ့တယ်လို့လည်း PMI က ပြောပါသေးတယ်။
ဒါပေမဲ့လည်း ဒီတည်ငြိမ်တိုးတက်မှုက ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်လို့ ပိုကုန်/သွင်းကုန်တွေအပေါ် အခွန်ကြီးကြပ်ကောက်ခံတာကို လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ၃၅၈၆ ဒသမ ၈ ကျပ်နဲ့ သတ်မှတ်ကောက်ခံလာတဲ့အတွက် တစ်ဒေါ်လာ ၇၀ ရာခိုင်နှုန်းလောက် စျေးမြင့်တက်လာလို့ ပြည်ပကတင်သွင်းရောင်းချထုတ်လုပ်ရတဲ့ ကုန်စည်အားလုံး စျေးနှုန်းမြင့်တက်ခဲ့တာ မြင်ရတာကြောင့် ငွေလဲနှုန်းတည်ငြိမ်လို့ရလာတဲ့ ဒီသက်သာမှုက ရေရှည်ခံနိုင်မှာ မဟုတ်တဲ့အပြင် ကုန်စျေးနှုန်းတစ်ကျော့ပြန်မြင့်တက်မှုပါ ရင်ဆိုင်လာရပြန်လို့ ပြည်သူတွေနဲ့ လုပ်ငန်းတွေအဖို့တော့ လမိုက်ညမှာကြယ်ရောင်ခဏမြင်ရပြီး ချက်ချင်း တိမ်သလ္လာဖုံးသွားသလိုမျိုးပဲလို့ တင်စားရမယ့်အခြေအနေပါ။
◾ထိုင်းဘဏ်တွေနဲ့ မဆက်စပ်တဲ့ ကုလသမဂ္ဂစွပ်စွဲချက်
မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူမှုမှာ ထိုင်းနိုင်ငံက ဘဏ်တွေ ဆက်စပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေက သက်သေအထောက်အထားမရှိဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်ပြောကြားလိုက်သလို ထိုင်းနိုင်ငံ ဗဟိုဘဏ်(BoT) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(Amlo) တို့ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာ ချက်ချင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သလို ထိုင်းနိုင်ငံကငွေကြေးအဖွဲ့အစည်းတွေကိုလည်း သူတို့ရဲ့အရောင်းအဝယ်လုပ်ငန်းတွေ ပြန်လည်စိစစ်သုံးသပ်ဖို အမိန့်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အစီရင်ခံစာမှာ မြန်မာအစိုးရကို လက်နက် ပစ္စည်းဝယ်ယူဖို့ ကူညီခဲ့တယ်ဆိုတဲ့ ငွေကြေးအဖွဲ့အစည်းအချို့ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အရောင်းအဝယ်ပြုမှုတွေရှိပေမယ့် ဒီအရောင်းအဝယ်တွေက လက်နက်ဝယ်ယူမှုနဲ့ဆက်စပ်တယ်လို့ ဘယ်လို သက်သေအထောက်အထားမှ မရှိဘူးလို့ BoT နဲ့ Amlo တို့က ပြောခဲ့ကြပါတယ်။
“Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar,” လို့ အမည်ပေးထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ မြန်မာလေတပ်က စခန်းတွေ၊ နယ်မြေတွေ၊ တပ်ဖွဲ့ဝင်တွေဆုံးရှုံးရလို့ အရပ်သားပစ်မှတ်တွေကို ငါးဆ တိုးတိုက်ခိုက်တယ်လို့ တစ်ဖက်သတ်စွပ်စွဲထားသလို ဒီ အစီရင်ခံစာက နစကဟာ ပြည်ပက လက်နက်နဲ့ရငွေ ဆိုတဲ့ အဓိကအရင်းအမြစ်နှစ်ခုအပေါ် မှီခိုနေရတယ်လိုလည်း စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် အစီရင်ခံစာက နစကရဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းကနေတစ်ဆင့် လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ထိုင်းနိုင်ငံက အဓိက အရင်းအမြစ်ဖြစ်သလို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကနေ လက်နက်နဲ့ တခြားပစ္စည်းတွေဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာသန်း ၆၀ သာရှိရာက ၂၀၂၃ ခုနှစ်မှာ နှစ်ဆတိုးလာတယ်လို့လည်း အထောက်အထားမဲ့ စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲမှုတွေအတွက် BoT နဲ့ Amlo တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ထိုင်းဘဏ်တွေဟာ သူတို့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ခက်ခဲတဲ့ အဆင့်တချို့ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ဖို့နဲ့ ငွေကြေးခဝါချမှုတွေတိုက်ဖျက်ဖို့ အဆင့်မြှင့်တင်ဖို့ လိုတယ်လို့ပဲဆိုထားပြီး ကုလသမဂ္ဂစွပ်စွဲချက်တွေဟာ ထိုင်းဘဏ်တွေနဲ့ မဆက်စပ်ဘူးလို့လည်း ငြင်းခဲ့ကြပါတယ်။
ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်စပ်ပတ်သက်နေတဲ့ သူ့နိုင်ငံကဘဏ်တွေ လုပ်ငန်းရပ်တန့်မှု ကြုံရနိုင်တဲ့အထိ ဖြစ်သွားနိုင်တဲ့အပေါ် ကုလသမဂ္ဂရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ဖြေရှင်းသလိုမျိုးပဲ လက်ရှိအချိန်မှာ မြန်မာအစိုးရဟာ FATF ရဲ့ အရေးယူမှုအန္တရာယ်က လွတ်အောင် ဆောင်ရွက်ရာမှာ ကျောက်မျက်၊ ရွှေရောင်းဝယ်သူ၊ အိမ်ခြံမြေကဏ္ဍတို့က ကြီးမားစွာလိုက်နာမှု ရလဒ်ကောင်း ရရှိခဲ့တာ မြင်ခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းတွေဆီ ငွေကြေးစီးဆင်းမှုများတဲ့ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှဲပြောင်းငွေကို ထိန်းကွပ်နိုင်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။ မပြေးသော်လည်း ကန်ရာရှိတဲ့အနေအထားမှာ မြန်မာနိုင်ငံက ပြည်ပရောက်လုပ်သားတွေရဲ့ NUG နဲ့ PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေ(EAOs) ဆီကို ကမ္ဘာအနှံ့မှာရှိတဲ့ ထောက်ပို့တွေကတစ်ဆင့် အလှူခံ၊ လေလံ၊ နည်းပေါင်းစုံနဲ့ရှာထားတဲ့ငွေတွေ လွှဲပြောင်းကြရာမှာလည်း ဒီငွေတွေက မှောင်ခိုစျေးကွက်ကနေ လက်နက်ခဲယမ်းတွေ ဝယ်ယူနေတာဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နဲ့ လူအများအပြား သေကျေစေနိုင်တဲ့ လက်နက်များပြန့်ပွားစေရေး ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ်ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) တွေနဲ့ တိုက်ရိုက်ငြိစွန်းတာကို တွေ့ရပါတယ်။
ဒါ့အပြင် NUG နဲ့ PDF တွေ EAOs တွေဟာ ထိုင်းနိုင်ငံမှာ အဓိက ခြေကုပ်ယူကြတာဖြစ်လို့ ကမ္ဘာအနှံ့မှာရှိတဲ့ ထောက်ပို့တွေကတစ်ဆင့် ရငွေ၊ လက်နက်ဝယ်ယူငွေ လွှဲပြောင်းကြရာမှာ ထိုင်းနိုင်ငံကတစ်ဆင့် ဂိတ်ဆုံးနေတာလည်းဖြစ်လို့ ဒီလိုမျိုးအချက်အလက်တွေ၊ ထောက်ပို့ဘဏ်အကောင့်တွေရဲ့ ငွေကြေးစီးဆင်းမှုကိုသာ စောင့်ကြည့် စုံစမ်း ဖော်ထုတ်နိုင်မယ်ဆိုရင် မြန်မာအစိုးရနဲ့ ဗဟိုဘဏ်အတွက်လည်း FATF က အကျပ်အတည်းဖြစ်လာစရာမရှိတော့သလို ထိုင်းအစိုးရအဖို့လည်း သူ့နိုင်ငံမှာ ခြေကုပ်ယူထားတဲ့ NUG နဲ့ PDF တွေ EAOs ဆီကို ကမ္ဘာအနှံ့က စီးဆင်းနေတဲ့ လက်နက်ခဲယမ်းဝယ်ယူရာ ငွေကြေးလမ်းကြောင်းကို တားဆီးခြင်းအားဖြင့် ကုလသမဂ္ဂနဲ့ ကမ္ဘာ့မျက်နှာစာမှာ အကျေအလည်ဖြေရှင်းနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်မိတာသုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။