၆.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာချိုင်းက ပြီးခဲ့သောနှစ်အတွင်း မြန်မာရေပိုင်နက်မှာ တရားမဝင်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခဲ့သော ထိုင်းငါးခိုးဖမ်းသမား ၄ ဦးကို ပြန်မလွှတ်သေးကြောင်း၊ ၎င်းတို့ကို ပြန်လွှတ်ရေးနှင့်ပတ်သက်သောလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည့်အတွက် မျှော်လင့်ထားသလို စောစီးစွာ ပြန်မလွတ်သေးခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းငါးခိုးဖမ်းသမား လေးဦး ပြန်လည်လွတ်မြောက်ရန်အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နစကအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။ ဖမ်းဆီးခံထားရသော ထိုင်းငါးခိုးဖမ်းသမားလေးဦး၏ မိသားစုများသည် ကော့သောင်းအကျဉ်းထောင်တွင် ထိုင်းငါးခိုးဖမ်းသမား လေးဦးနှင့်တွေ့ဆုံခဲ့ပြီး ငါးဖမ်းသမားအားလုံး စိတ်ရော လူပါ ကျန်းမာရေးကောင်းမွန်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။
ထိုင်းငါးခိုးဖမ်းသမား လေးဦး မကြာမီပြန်လွတ်ဖွယ်ရှိနေသော်လည်း ပြန်လွှတ်မည့်ရက်အတိအကျကို မပြောနိုင်သေးကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဝီချာချိုင်းကပြောသည်။
ထိုင်းငါးခိုးဖမ်းသမားလေးဦးသည် ပြီးခဲ့သော နှစ် နိုဝင်ဘာလအတွင်း မြန်မာရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးခံရပြီး လက်ရှိအချိန်တွင်တစ်ဦးကို ထောင်ဒဏ် ၆ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။ ထိုင်းကာကွယ်ရေးဝန်ကြီးက ငါးခိုးဖမ်းသမား လေးဦးသည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ပြန်လွှတ်မည်ဟု အစောပိုင်းက ခန့်မှန်းပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ အခြား ထိုင်းနိုင်ငံသား ၁၅၁ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ဘလန်ကူရာက မြန်မာနိုင်ငံရှိအကျဉ်းထောင်ထဲတွင် ထိုင်းငါးခိုးဖမ်းသမား လေးဦး ထိန်းသိမ်းခံရမှုအချိန်ကြာမြင့်သည့်အတွက် စိတ်ပျက်ရကြောင်း၊ ၎င်းတို့အနေဖြင့် ထိုင်းငါးခိုးဖမ်းသမားလေးဦးအမြန်ဆုံး ပြန်လွတ်စေရန် အကောင်းဆုံးဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းငါးခိုးဖမ်းသမားလေးဦး အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန်အတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး တွန်း အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
REf thailandnews