၆.၁. ၂၀၂၅
Written by Shwe Phyo
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းက နယ်စပ်ဒေသမှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၂၆ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်ရမ်ဆင်းက ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူများကို ဖမ်းဆီးနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းသွားမည်ဟု ကတိပြုထားသူဖြစ်သည်။
မဏိပူရပြည်နယ် ဝန်ကြီးချုပ်က “မဏိပူရပြည်နယ် နယ်စပ်ဒေသကို ဖြတ်သန်းပြီး အိန္ဒိယပိုင်နက်ထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးကို မိခင်နိုင်ငံကို ပြန်ပို့ခဲ့တယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးလာသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေပေးပြီး ပြန်လွှတ်ခဲ့တယ်”ဟု ၎င်း၏ လူမူကွန်ရက်တွင်ရေးသားဖော်ပြထားသည်။
မဏိပူရပြည်နယ်အစိုးရသည် ၎င်းတို့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားများကို ပြန်ပို့နေရာ ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း မြန်မာနိုငံသား ၃၈ ဦးကို မဏိပူရပြည်နယ်မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့ဖူးကြောင်း သိရသည်။
မဏိပူရပြည်နယ်အစိုးရက ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၁၅ ဦးကို မိခင်နိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
မဏိပူရပြည်နယ်အစိုးရသည် အိန္ဒိယဗဟိုအစိုးရ၏ စီစဉ်ပေးမှုကြောင့် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများကို မြန်မာအာဏာပိုင်လက်ထဲ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်းအိန္ဒိယနှင့်မြန်မာနိုင်ငံ နယ်စပ်ဒေသမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ဝင်ရောက်သော မြန်မာရွှေ့ပြောင်းသူအရေအတွက် မြင့်တက်လာနေကြောင်း သိရသည်။
REf republicworld.