၆.၁.၂၀၂၅
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက သူ့ရဲ့နိုင်ငံသားတွေကို ဟော့ဒေါ့ (Hotdogs) ခေါ် တဲ့ ဝက်အူချောင်းညှပ် ပေါင်မုန့်အစားအစာတွေ စားသောက်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့တယ်လို့ ဇန်နဝါရီလ ၆ ရက်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
သတင်းတွေအရ ဟော့ဒေါ့ အစားအစာတွေကို အိမ်မှာတည်ခင်းဧည့်ခံရင်ဖြစ်ဖြစ် ဒါမှမဟုတ် လမ်းပေါ် မှာရောင်းချရင်ဖြစ်ဖြစ် ဒါကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် ယူဆမယ်လို့ သတင်းတွေက ဆိုပါတယ်။ တကယ်လို့များ တားမြစ်ချက်ကိုချိုးဖောက်ပြီး ဟော့ဒေါ့ စားသုံးတာ၊ ရောင်းချတာတွေကိုဖမ်းမိခဲ့ရင် ချိုးဖောက်သူတွေကို ပြစ်ဒဏ်အဖြစ် နိုင်ငံရဲ့ အလုပ်ကြမ်းရဲဘက်စခန်းတွေကို ပို့မယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံအတွင်းက တချို့အစားအစာတွေ ရရှိနိုင်မှုကိုပါ တားမြစ်ခဲ့တာတွေ့ရမှာပါ။ သူက နိုင်ငံတွင်းလူသိများတဲ့ Budae-jjigae ခေါ်တဲ့ ကိုရီးယား-အမေရိကန်ပေါင်းစပ် ဟင်းရည်ကိုပြည်တွင်းဈေးကွက်တွေမှာ ရောင်းချမှုကို ဟော့ဒေါ့လိုပဲ ပိတ်ပင်တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဟင်းက ကိုရီးယားငရုတ်ကောင်း၊ ကင်မ်ချီ၊ အမေရိကန် စည်သွတ် ဝက်ပေါင်ခြောက်၊ ပဲတွေနဲ့ ဝက်အူချောင်းတို့ ပါဝင်ချက်ပြုတ်ထားတဲ့ဟင်းလျာပါပဲ။
ကင်ဂျုံအန်းရဲ့ဒီအမိန့်က မြောက်ကိုရီးယားနိုင်ငံအတွင်း အနောက်တိုင်းယဉ်ကျေးမှု အလေ့အထတိုးဝင်လွှမ်းမိုးလာမှုကို တိုက်ဖျက်ဖို့ ကြိုးစားမှုလို့လည်းဆိုရမှာပါ။
ဒါ့ပြင် ကင်ဂျုံအန်းက ကွာရှင်းပြတ်စဲခဲ့တဲ့ လင်မယားတွေကို သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ကြေလည်အောင်ဆိုပြီး ရဲဘက်စခန်းတွေကို ခြောက်လပို့တဲ့ ပြစ်ဒဏ်ပေးဖို့ မကြာခင်ကပဲ အမိန့်ထုတ်ခဲ့ပါသေးတယ်။
သူက ဇနီးမောင်နှံကွာရှင်းပြတ်စဲမှုကို ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့လုပ်ရပ်အဖြစ် ရှုမြင်တယ်လို့လည်း ဆိုခဲ့ပါတယ်။
Ref,The Sun