၆.၁.၂၀၂၅
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဗီလာဟာမိုလ်ဆာမြို့မှ အရက်ဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့တာမှာ လူခုနစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီလ ၅ ရက်က ပြောခဲ့ကြပါတယ်။
ဒါက အကြမ်းဖက်မှုဒဏ် ပြင်းထန်စွာခံနေရတဲ့နိုင်ငံမှာ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ဇန်နဝါရီလ ၄ ရက်ညက တာဘတ်စ်ကိုပြည်နယ်အတွင်းရှိ ဗီလာဟာမိုလ်ဆာမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်သူကို လိုက်လံရှာဖွေနေတယ်လို့လည်း လုံခြုံရေးနှင့် အရပ်ဘက်ကာကွယ် ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ဌာနက ကြေညာချက်ထုတ်ရာမှာ ဖော်ပြခဲ့ပါတယ်။
ကြေညာချက်မှာ ပြည်နယ်အတွင်းရှိ ထောက်လှမ်းရေးဗီဒီယိုတွေနဲ့ နေရာတွေကို ပြန်လည်စစ်ဆေးနေပြီး ပြည်ထောင်စုအာဏာပိုင်တွေကလည်း အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ဖမ်းမိနိုင်ရေးတပ်ဖွဲ့တွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ မည်သူမည်ဝါမှန်းမသိတဲ့ သေနတ်သမားတွေဟာ La Casita Azul အရက်ဆိုင်ထဲကို ရုတ်တရက်ဝင်လာကြပြီး ဆိုင်ထဲမှာ စားသောက်နေသူတွေကို ပစ်ခတ်ခဲ့ကြတာမှာ ကြမ်းပြင်ပေါ်မှာ သွေးတွေထွက်ကျနေတဲ့သူတွေနဲ့ လူတွေ လဲကျနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တာဘတ်စ်ကိုပြည်နယ်က ရေနံထုတ်လုပ်မှု စက်ရုံ အလုပ်ရုံတွေ တည်ရှိရာပြည်နယ်ဖြစ်ပြီး မကြာမီလတွေမှာတော့ ပြည်နယ်အတွင်းမှာ အကြမ်းဖက်ရာဇဝတ်မှုတွေ ပိုလို့ ဖြစ်ပွားလာရပါတယ်။ နိုဝင်ဘာလတုန်းကဆိုရင် ဗီလာဟာမိုဆာမြို့က အရက်ဆိုင်တစ်ဆိုင်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီမတိုင်ခင် နှစ်ပတ်ကလည်း နိုင်ငံအလယ်ပိုင်း ကွီရီတာရို မြို့က အရက်ဆိုင်တစ်ဆိုင်မှာပစ်ခတ်မှုကြောင့် လူဆယ်ဦးသေဆုံးခဲ့သလို တစ်ပတ်ထဲမှာပဲ မြို့တော် မက္ကဆီကိုစီးတီးက အရက်ဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ရပါတယ်။
အစိုးရက မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုကို တိုက်ဖျက်ဖို့ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ကို ဖြန့်ချထားခဲ့ပြီးကတည်းက မက္ကဆီကိုနိုင်ငံမှာ မူးယစ်နဲ့ဆက်စပ်နေတဲ့အကြမ်းဖက်မှုတွေကြောင့် လူ ၄၅၀,၀၀၀ ကျော်သေဆုံးခဲ့ရပါပြီ။
Ref- The Sun