၆. ၁. ၂၀၂၅
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းရှေ့ရေမြောင်းထဲတွင် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းကို ယနေ့မနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၁၇-ရပ်ကွက်၊ အမှတ် ၂ လမ်းမ၊ မြန်မာ့ဆက်သွယ်ရေးဝင်းရှေ့၊ လမ်းဘေးရေမြောင်းအတွင်း အမျိုးသားတစ်ဦး သေဆုံးနေသည့်ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာက စစ်ဆေးပြီးနောက် ထိုလူသေအလောင်းအား လာရောက်သယ်ယူပေးရန် ဆက်သွယ်အကြောင်းကြားလာသဖြင့် ထိုဖြစ်စဥ်သို့ Yangon Rescue Organization (YRO)၏ အဖွဲ့ဝင် “မြို့ဦးလုလင် နာရေးကူညီမှုအသင်း (၂၆၊ ဒဂုံတောင်ပိုင်း) ” မှစေတနာ့ ဝန်ထမ်းများ သွားရောက် ကူညီခဲ့ကြသည်ဟု YRO မှ သိရသည်။
အဆိုပါ ဖြစ်စဥ်တွင် သေဆုံးနေသော အမျိုးသားမှာ အမည်၊ နေရပ်မသိရသေးဘဲ အသက် ၅၀ ပတ်လည်ခန့်ဖြစ်ပြီး ထို ပိုင်ရှင်မဲ့ ရုပ်အလောင်းအား သေချာစွာ ထုပ်ပိုး၍ စံပြဆေးရုံကြီးသို့ မြို့ဦးလုလင်အသင်း၏ နာရေးယာဉ်ဖြင့် ကူညီပို့ဆောင် ပေးခဲ့ကြောင်း၊ တာဝန်ရှိသူများက ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်မဟုတ် ဆက်လက်စိစစ်နေကြောင်း သိရသည်။ (ဓာတ်ပုံ – မြို့ဦးလုလင်)