၆. ၁. ၂၀၂၅
Written by Nyein Kyaw
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်သော ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအိမ်ရာတွင် ကျန်ရှိသော ၆ ခန်းတွဲ ၅ ထပ် ၆၁ ခန်း၊ ၈ ခန်းတွဲ ၅ ထပ် ၂၇ ခန်း၊ စုစုပေါင်း ၈၈ ခန်းကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ပူးတွဲပါ ၁,၈၉၁ ဦးစာရင်းတွင် ပါဝင်သူများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing Facebook Page Messenger” မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် Messenger မှတစ်ဆင့် အမည်စာရင်း လက်ခံခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရောင်းချမည့် အိမ်ရာတည်နေရာ၊ အဆောက်အဦအမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းစသည့် ပူးတွဲပါ အချက်အလက်တို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ CHID Bank Down Payment Serial No တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် ၈၈ ဦးအား မဲနှိုက်ခွင့် ပြုမည်ဖြစ်ပြီး အခန်းမဲနှိုက်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အခန်းဝယ်ယူခွင့်ရသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည် ဖြစ်ကြောင်း အသိပေးထားသည်။
ယခု ရောင်းချပေးမည့် သီလဝါအိမ်ရာရှိ လက်ကျန်အခန်း ၈၈ ခန်း၏ အခန်းဈေးနှုန်းများမှာ အထပ်အမြင့်အနိမ့်အပေါ် မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၁၇၀ မှ အများဆုံး ကျပ်သိန်း ၂၈၀ ရှိကြောင်း သိရသည်။