၆.၁.၂၀၂၅
Translated by Htwe Ko Tun
ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဂျပ်စတင် ထရူးဒေါ ဟာ သူ့ရဲ့ လစ်ဘရယ်ပါတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေ များပြားလာတာကြောင့် ရာထူးကနုတ်ထွက်ဖို့ ကြေညာလိမ့်မယ်လို့ The Globe and Mail သတင်းစာက ဇန်နဝါရီ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
သတင်းစာက အမည်မဖော်ပြတဲ့ ပါတီတွင်းအကြောင်း အရာတွေကြောင့် ထရူးဒေါအနေနဲ့ အစောဆုံး ဇန်နဝါရီ ၆ ရက်မှာတောင် ကြေညာနိုင်တယ်လို့ သတင်းကဆိုပါတယ်။ သတင်းစာက နောက်အကျဆုံး ဇန်နဝါရီလ ၈ ရက် နောက်ဆုံးထားကြေညာမယ်လို့လည်း ဆိုခဲ့ပါတယ်။ပါတီအနေနဲ့ နောက်ထပ် ခေါင်းဆောင်အသစ်ကိုရှာဖွေရွေးချယ်နေဆဲမှာ ထရူးဒေါက ကြားဖြတ်ဝန်ကြီးချုပ်အနေနဲ့ဆက်လက်တာဝန် ယူပေးထားမလား မသေချာသေးပါဘူး။
ထရူးဒေါအပေါ် လူကြိုက်များထောက်ခံမှုက ပြီးခဲ့တဲ့လတွေအတွင်း သိသိသာသာကျဆင်းလာခဲ့ပါတယ်။ သူ့ရဲ့အစိုးရအနေနဲ့လည်း အယုံအကြည်မရှိ မဲတွေနဲ့ကြုံတွေ့နေရပြီး သူ့ကိုလည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ဖို့တောင်းဆိုလာကြတာပါ။
ထရူးဒေါကတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအထိ ဆက်လက်တာဝန်ယူဖို့ ရည်မှန်းခဲ့တာပါ။ ဒါပေမယ့် သူ့အနေနဲ့ အမေရိကန်ရွေးကောက်ခံသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်က ကနေဒါနိုင်ငံက တင်သွင်းတဲ့ကုန်ပစ္စည်းတွေကို သူတာဝန်ယူရင် သွင်းကုန်အပေါ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဖိအားပေးလာပြန်ပါတယ်။
ထရူးဒေါရဲ့ စီမံချက်တစ်ခုအပေါ် သဘောချင်းမတူညီတဲ့ ဒုတိယဝန်ကြီးချုပ် ခရစ်စတီးယား ဖရီးလင်း ကလည်း ဒီဇင်ဘာလမှာ ရာထူးကနုတ်ထွက်သွားပါတယ်။ဒီဇင်ဘာလ နောက်ပိုင်းမှာပဲ ထရူးဒေါက နိုင်ငံရေးအရ မတည်ငြိမ်တဲ့အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အစိုးရအဖွဲ့ ရဲ့ သုံးပုံတစ်ပုံခန့်ကို ပြောင်းလဲကာ အစိုးရပြန်လည်ဖွဲ့စည်းခဲ့ပါသေးတယ်။
အခုဆိုရင် ထရူးဒေါအနေနဲ့ သူ့ရဲ့ အဓိပြိုင်ဘက်ဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီမှ Pierre Poilievre ကို လူထုသဘောထားစစ်တမ်းတွေမှာ အမှတ် ၂၀ ခန့် နောက်ကလိုက်နေရတယ်လို့သိရပါတယ်။
Ref- CNA