◾ ယခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နှင့်အညီ တိုက်ခိုက်မှုစတင်မည်ဟု ညောင်ဦးပကဖ ခြိမ်းခြောက်၊ PDF တို့၏အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ဘုရားပုထိုးစေတီများပျက်စီးပြီး ခရီးသွားမလာတော့မည်ကို ဒေသခံများစိုးရိမ်
နေမိုး
၅. ၁. ၂၀၂၄
ဒီ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နဲ့အညီ တိုက်ခိုက်မှုစတင်မယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြိမ်းခြောက်တဲ့ရုပ်သံ ဒီနေ့မနက်မှာ ထွက်ပေါ်လာခဲ့သလို ဒီလိုမျိုး PDF တွေရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုးစေတီများစွာပျက်စီးပြီး ခရီးသွားမလာတော့မှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဖွင့်ဟလာပါတယ်။
ဒီနေ့မနက်မှာ NUG ဩဇာခံ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံဟာ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမှာ ဒီ ၂၀၂၅ ခုနှစ်ထဲ တိုက်ပွဲတွေစတင်တော့မယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံဖိုင်လွှင့်တင် ခြိမ်းခြောက်လာခဲ့တာပါ။
ဒီခြိမ်းခြောက်မှုမှာဆိုရင် ညောင်ဦးပကဖက ပုဂံဒေသဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်လို့ တိုက်ပွဲတွေ ဖော်ဆောင်လို့မရဘူးဆိုတာ မဟုတ်ဘဲ NUG ရဲ့ လမ်းညွှန်ချက်နဲ့ စစ်ရေးဖော်ဆောင်မယ်လို့ပြောသလို ဘုရားပုထိုးစေတီတွေ မထိခိုက်အောင် တိုက်ပွဲဖော်ဆောင်မယ်လို့ ပြောလာတဲ့အပြင် ဘုရားပုထိုးတွေထိခိုက်အောင် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရင် တပ်မတော်အပြစ်လို့ပါ တစ်ခါတည်း လွှဲချထုတ်ပြန် ပြောလာတာပါ။
“ကမ္ဘာ့အမွေအနှစ်ဒေသမှာ ညောင်ဦး PDF တွေက တိုက်ပွဲဖော်ဆောင်မယ်ဆိုတာကတော့ လက်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံက မြို့တွေအများကြီးလည်း တိုက်ပွဲတွေအတွင်းမှာ ပျက်စီးပြီးသွားပြီ။ မြန်မာနိုင်ငံမှာမြို့နယ် ၃၃၀ က မြို့ပေါင်း ၇၀၀ ကျော် ၈၀၀ မှာ တခြား မြို့တွေတောင် မသိမ်းနိုင်သေးဘဲနဲ့ ပုဂံလို အမွေအနှစ်ဒေသကို တိုက်ပွဲဖော်မယ်ဆိုတာက ဖျက်ဆီးဖို့ကြံတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်ရင် ဘုရားပုထိုးက ထိခိုက်ပျက်စီးမှာပဲ။ PDF ပစ်တဲ့ကျည်တွေ ဗုံးတွေက ဘုရားပုထိုးဆိုပြီးရှောင်မှာမဟုတ်သလို မတိုက်ရသေးဘဲ တပ်ကပစ်တာတွေကပဲ ဘုရားပုထိုးကိုထိမယ်ဆိုတာကတော့ သူတို့ရဲ့ဆင်ခြင်တွေးခေါ်နိုင်စွမ်း အရမ်းနိမ့်ကျနေတာသိသာတယ်။ ဒီလို အဆင်အခြင်မဲ့အတွေးအခေါ်တွေနဲ့ တိုက်ပွဲဖော်ရင်တော့ ပုဂံအမွေအနှစ်ဒေသက ဘုရားပုထိုးအကုန်ပြိုပျက်တာပဲ အဖတ်တင်တော့မယ်။ ဒေသခံတစ်ယောက်အနေနဲ့ရော ပုဂံချစ်သူတစ်ယောက်အနေနဲ့ရော ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်ဒေသကို အထိအခိုက် အပျက်အစီးမခံနိုင်သူတစ်ယောက်အနေနဲ့ပါ NUG နဲ့ PDF တွေရဲ့ ဒီလို တိုက်ပွဲဖော်မယ်ဆိုတဲ့လုပ်ရပ်ကို ကန့်ကွက်ပါတယ်”လို့ ညောင်ဦးအခြေစိုက် လူမှုပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က MT News ဆက်သွယ်မေးမြန်းမှုအပေါ် သူ့ကန့်ကွက်ချက်အမြင်ကို ပြောပါတယ်။
ညောင်ဦးပကဖဟာ ပုဂံဒေသမှာ အကောင်အထည်ဖော်မယ့်ဒီတိုက်ပွဲတွေကို ဘုရားပုထိုးစေတီတွေ မထိခိုက်အောင်လုပ်ဆောင်မယ်ဆိုပေမဲ့ ဒီလို စနစ်တကျလုပ်ဆောင်နိုင်တဲ့ အသိဉာဏ်မရှိကြောင်းကိုလည်း ၂၀၂၁ ခုနှစ်အတွင်းက ပြသခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်း ပုဂံညောင်ဦးဒေသက PDF တွေဟာ မိုင်းတွေလက်နက်တွေဗုံးတွေစမ်းသပ်ရာမှာ ပုဂံရှေးဟောင်းဘုရားတစ်ဆူရဲ့ နံရံကို လက်လုပ်ဗုံးတွေနဲ့ပစ်ပေါက် လေ့ကျင့်နေတာကို တစ်ကမ္ဘာလုံးက မြင်လိုက်ရပြီး ဒီလို အသိဉာဏ်မဲ့လုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချတာကြောင့် ပုဂံညောင်ဦးဒေသအတွင်း တိုက်ပွဲဖော်ဆောင်မှု ရပ်သွားပေမဲ့ အခုတော့ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်ရေး ကြိုးစားဖို့ပြင်လာပြန်တာပါ။
ပုဂံလို ကမ္ဘာ့အမွေအနှစ်ဒေသဟာ ဒုတိယကမ္ဘာစစ်နဲ့ မြန်မာနိုင်ငံက အင်္ဂလိပ်နဲ့ဂျပန်ကို တိုက်ထုတ်နေရတဲ့ကာလမှာတောင် စစ်တလင်းမဖြစ်ခဲ့ပေမဲ့ အခု NUG နဲ့ PDF ကတော့ ပုဂံကို စစ်တလင်းဖြစ်ဖို့ကြံဆောင်နေတဲ့ပုံစံမြင်လာရပြီး ဒီလိုမျိုးသူတို့စလုပ်မယ့် ကြံဆောင်မှုကိုလည်း သူတို့မှာ အပြစ်မရှိပါဘူးလို့ တစ်ဖက်ကို ကြိုတင်အပုပ်ချထားတာကလည်း မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပုဂံဒေသခံတစ်ဦးက ဝေဖန်ပါတယ်။
“ဒုတိယကမ္ဘာစစ်မှာတောင်မှာ ရှေးဟောင်းအဆောက်အအုံတွေ ဘုရားပုထိုးတွေရှိနေတဲ့နေရာကို ဦးမတည်ဘဲ ပုဂံကိုရှောင်ခဲ့တာကို ကိုယ့်မြန်မာတွေကြမှ ဘာလို့ဖြိုဖျက်ချင်၊ စစ်တလင်းလုပ်ချင်နေတာလဲ”လို့ ပုဂံဒေသခံတစ်ဦးက မေးခွန်းထုတ်ပါတယ်။
ပုဂံညောင်ဦးဒေသဟာ ခရီးသွားကို မှီတည်အသက်ရှင်သူအများအပြားရှိရာနေရာဖြစ်ပြီး ကိုဗစ်ကာလ ခရီးသွားမလာခင်အချိန်မှာ ရှိသမျှအကုန်ပေါင်နှံရောင်းချစားသောက်ကြရသလို ကိုဗစ်ကာလပြီးလို့ ခရီးသွားဝင်စမှာလည်း PDF တွေရဲ့ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ နွားထိုးကြီးစတဲ့ ပုဂံဝင်ထွက်ရာလမ်းပိုင်းနဲ့အနီးတစ်ဝိုက်မြို့တွေမှာ မိုင်းခွဲသတ်ဖြတ်မှုဖြစ်တိုင်း ခရီးသွားကျဆင်းတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ခရီးသွားလတွေမှာ လည်ပတ်စရာမရှိတဲ့ မြန်မာပြည်သူတွေ ပုဂံဒေသကို သိန်းနဲ့ချီခရီးသွားခဲ့လို့ ဒေသခံတွေ အူစိုခဲ့ကြပေမဲ့ အခု ညောင်ဦးပကဖက ပုဂံဒေသခံတွေရဲ့ ထမင်းလုတ်ကိုအဆင်အခြင်မဲ့ဖော်ဆောင်လာတော့မယ့်စစ်ပွဲနဲ့ ပုတ်ချဖျက်ဆီးဖို့လုပ်လာတာကြောင့် ခရီးသွားဝင်မလာတဲ့ ကိုဗစ်ကာလလို တစ်ကျော့ပြန်ကျပ်တည်းမှာ စိုးရိမ်နေရတယ်လို့လည်း ပုဂံမှာ သုံးဘီးဝန်ဆောင်မှုပေးသူတစ်ဦးက”ကိုဗစ်ကာလမှာလည်း နှစ်နှစ်လောက် ကျွန်တော်တို့က အခက်တွေ့ခဲ့ရတာ။ ရှိသမျှပေါင်နှံရောင်းချ စားသောက်ရတာ။ ကိုဗစ်ကာလပြီးတော့လည်း ပုဂံပတ်လည်မှာ PDF တွေ သတ်ဖြတ်သံကြားတိုင်း ခရီးသွား အဝင်တန့်သွားတတ်တယ်။ အခုက NUG နဲ့ PDF က ပုဂံကို စပြီး စစ်ပွဲဆင်နွှဲမယ်လို့ ထုတ်ပြန်လာတော့ ဒီနေ့တင် အရင်ရက်ပိုင်းက ချိတ်ထားသူတွေက Booking ပြန်ဖျက်သွားတာရှိတယ်။ ခရီးသွားအလာများတဲ့ ပွင့်လင်းရာသီကြမှ သူတို့ဒီလိုထ ကြေညာတာဟာ ပုဂံဒေသခံတွေအဖို့တော့ ထမင်းလုတ်ပုတ်ချခံရရုံတင်မက ထမင်းအိုးပါ ရိုက်ခွဲလိုက်သလိုမျိုးပါ”လို့ ပြောပါတယ်။