၅.၁.၂၀၂၅
Written by Thettant
ဗိုလ်လုပွဲပထမအကျော့က ဗီယက်နမ်အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ထိုင်းဟာ ဒီနေ့ပွဲမှာ အိမ်ရှင်ဖိအားကို အသုံးချပြီး ဗီယက်နမ်ကို အနိုင်ရဖို့ကြိုးစားခဲ့သလို ဗီယက်နမ်ကလည်း ပထမအကျော့မှာ ခြေစွမ်းပြခဲ့တဲ့ မွေးစားသား ငုယင်ရွှန်ဇွန် ပထမပိုင်းတင် ဒဏ်ရာကြောင့် ထွက်ခဲ့ရပေမဲ့ ပွဲအစ ၈ မိနစ်တင် ဖန်ထွန်ဟိုင်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။
ဒါပေမဲ့ အားထားရတဲ့ တိုက်စစ်မှူးက ၃၄ မိနစ်မှာ ဒဏ်ရာနဲ့မထွက်ခင်ကတည်းက အိမ်ရှင်ထိုင်းဖိအားကြောင့် ၂၈ မိနစ်မှာ ချေပဂိုးပေးလိုက်ရသလို ၆၄ မိနစ်မှာတော့ ဦးဆောင်ဂိုးပေးလိုက်ရလို့ ပထမအကျော့နဲ့ ရလဒ်တူသွားပြီး ၃ ဂိုး ၃ ဂိုးစီမှာ ဖိအား ဝင်သွားခဲ့တာပါ။
ဒီနေ့ပွဲရဲ့ အလှည့်အပြောင်းက ပွဲကစားချိန် ၇၄ မိနစ်မှာဖြစ်ခဲ့ပြီး ထိုင်း ကွင်းလယ်လူ ပွန်ဖန်က လူချကစားချိန်မှာ ၂ ဝါ ၁ နီနဲ့အထုတ်ခံလိုက်ရတာကြောင့် ဗီယက်နမ်က ဖိကစားချိန်မှာ ထိုင်းနောက်ခံလူ ဟန်ဗီဘွန်းက ဗီယက်နမ်အတွက် ဦးဆောင်အနိုင်ဂိုးကို ပွဲချိန် ၈၂ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းရင်း ကြမ္မာငင်ခဲ့တာပါ။
အဲဒီနောက် ထိုင်းက အိမ်ကွင်းမှာ ဗီယက်နမ်ကို ချန်ပီယံဆုမပေးချင်လို့ မထူးဇာတ်ခင်း ဖိကစားခဲ့သလို အချိန်ပိုကလည်း ၁၅ မိနစ်အထိရသလို အချိန်ဆွဲတာတွေအတွက် ၅ မိနစ်ပေါင်းလို့ ပွဲကစားချိန် ၁၁၀ မိနစ်ကျော်အထိ ကစားခဲ့ရပေမဲ့ ဂိုးကံခေခဲ့သလို နောက်ဆုံးမိနစ်ထောင့်ကန်ဘောကို ထိုင်းဂိုးသမားပါမချန် တက်ပြီးဂိုးရဖို့ကြိုးပမ်းရာမှာ မှန်းချက်နဲ့ နှမ်းထွက်လွဲပြီး ဗီယက်နမ်ကွင်းလယ်လူ HL Nguen က ပွဲချိန် ၁၁၀ မှာ ဂိုးသမားမရှိတဲ့ ထိုင်းဂိုးဘက် အဝေးကနေ ကန်သွင်းပြီး ထိုင်းကို နှစ်ကျော့စလုံးအနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့တာပါ။
ဒါကြောင့် ဗီယက်နမ်အသင်းက ထိုင်းကို နှစ်ကျော့ပေါင်း ၅-၃ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့သလို ငုယင်ရွှန်ဇွန်ကလည်း ၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပြီး ၂၀၀၈ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ဗိုလ်စွဲထားတဲ့ ဗီယက်နမ်အဖို့ ASEAN Mitsubishi Cup မှာ တတိယအကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ရေးထိုးနိုင်ခဲ့ပေမဲ့ ထိုင်းအဖို့တော့ သုံးကြိမ်ဆက်ချန်ပီယံအိပ်မက်ကို အိမ်ကွင်းမှာ ဖျက်ဆီးခံလိုက်ရပါတယ်။