၅. ၁. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ရွာအနီး စက်သုံးဆီသိုလှောင်ကာ MNDAA၊ TNLA နှင့် PDF ထံ မှောင်ခိုဖြန့်သူ ၁၇ ဦးနှင့် ဆီဂါလန် ၆၀၀၀၀ ကျော်နှင့် ယာဥ်များ အဆောက်အအုံများဖမ်းဆီးခံရမှုကြောင့် အဆိုပါ ညောင်ပင်ဇင်ကျေးရွာအုပ်စုမှ မြင်းမွှေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးနိုင်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ PDF တို့က သတ်ဖြတ်လိုက်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီတွင် စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့် ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
စိစစ်ဖော်ထုတ်ချက်များအရ တရားမဝင်စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား (ရတနာပုံ)အားဖြတ်သန်း၍ စစ်ကိုင်း- ရှိန်းမကား- ကမ်းဖြူ- သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘိုအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/PDF အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး ထိုသို့ဖြန့်ဖြူးနေသည်ကို သတင်းပေးသည်မှာဦးလွှမ်းမိုးနိုင်ဟုစွပ်စွဲကာ လင်းယုန်ညီနောင်ပြောက်ကျား တပ်ဖွဲ့က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
မြင်းမွှေးကျေးရွာဥက္ကဋ္ဌမှာ အငြိမ်းစား ရဲတပ်ကြပ်လည်းဖြစ်ပြီး ဆင်တပ်ရွာရှိ ပြည်သူ့စစ် (ပျူစောထီး) များအား ဦးဆောင်၍၊ အုန်းတောမြို့တွင် အထိုင်ချကာ
စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊
နှိပ်စက်၊ ငွေညစ်၊သတ်ဖြတ်နေသူ၊ ပြည်သူလူထု၏
အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေသူ၊ မူးယစ်ဆးဝါးများ
ရောင်းဝယ် ဖောက်ကားနေသူ၊ လောင်းကစားဝိုင်းနှင့်
2D/3D လိုင်းကြေးကောက်ခံကာ တပ်အား ထောက်ပို့ လုပ်နေသူ၊ PDF များ၏ သတင်းများအား လိုက်လံစုံစမ်းကာသတင်းပေး(ကိုယ်တိုင်ပါဝင် ဖမ်းဆီး၊သတ်ဖြတ်နေသူ)ဟု စွပ်စွဲကာ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ၎င်း၏ နေအိမ်မှ ကားဖြင့်ပြန်လည်ထွက်ခွာလာစဉ်၊ လမ်းခုလတ်နေရာ၌ အသင့်စောင့်နေသော PDF များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာတွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်သတ်ဖြတ်ရာ နေရာတင် ပွဲခြင်းပြီးသေဆုံးသွားခဲ့သည်ဟု ပြောပြီး ဦးလွှမ်းမိုးနိုင်အပေါ် အဆိုပါစွပ်စွဲချက်များ မှန်ကန်မှုရှိမရှိကိုမူ MT News က မြေပြင်အတည်မပြုနိုင်ဘဲ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၏ ရာဇဝတ်မှူကျူးလွန်ခြင်းကိုသာ အတည်ပြုဖော်ပြခြင်းဖြစ်သည်။