၅.၁.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာပါဝင်ခွင့်ရရှိမယ့် ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို ယနေ့ ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။
ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ရွှေကြိုမောင် ၂၅ဦး ၊ ရွှေကြိုမယ် ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဒီရွှေကြိုမောင်မယ် လူရွေးချယ်ရေးအဖွဲ့ ဒိုင်တွေအနေနဲ့ အကယ်ဒမီ ငြိမ်းမင်း၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ညိုမင်းလွင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီ မေသန်းနု၊ ဒါရိုက်တာ မောင်သီ၊ ဦးဇော်မင်း (မင်္ဂလာ)၊ ဦးသန်းဌေး (Triple Six) စတဲ့သူတွေပါဝင်ခဲ့ကြပါတယ်။
ရွှေကြိုမောင်မယ်နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွှေကြိုမောင်မယ်တွေက မဲနှိုက်ရွေးချယ်ပြီး ကျရာ ကျပမ်း ဇာတ်ကောင်စရိုက်တွေ ခံစားချက်အမူအရာကို သရုပ်ဆောင်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ရှိသင့်တဲ့ အရည်အသွေးဆိုင်ရာဗဟုသုတတွေ ကျပမ်းမေးခွန်းတွေကို မေးကာစစ်ဆေးသလို TikTok မှာ Trend ဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ကိုယ်နှစ်သက်ရာ တစ်ခုကို ရွေးချယ်ရိုက်ကူး ဆော့ကစားပြီးတော့ ကိုယ့်သရုပ်ဆောင်မှုတွေ ရိုက်ကူးထားတဲ့ TikTok Video ကိုလည်း ပေးပို့ ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရွှေကြိုပြိုင်ပွဲဝင်တွေရဲ့ TikTok Video ကို နောက်ဆုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲအစီအစဉ် တိုက်ရိုက်ထုတ်လွင့်မှုမှာ ပြသခဲ့ပြီး Hey Play App ကတစ်ဆင့် ပေးပို့တဲ့ ပရိတ်သတ်ဆန္ဒမဲ၊ Atom ရဲ့ SMS နံပါတ် 6666 ပေးပို့ထားတဲ့ပရိသတ်ဆန္ဒမဲများသူ ပရိသတ် ဆန္ဒမဲ ၄၀ %၊ ရွေးချယ်ရေးအဖွဲ့ရဲ့ အမှတ် ၆၀ %နဲ့ ထည့်သွင်းကာရွေးချယ်မှာဖြစ်တယ်လို့ သိရပါတယ်။
ရွေးချယ်ခံရသူ ရွှေကြိုမောင်မယ်တွေကတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာကျင်းပမယ့် ၂၀၂၄ ခုနှစ် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ တက်ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။